ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ထာနီခရိုင် ရှိ Bhumjaithai Party ညှိနှိုင်းရေးရုံးကို သေနတ်ဖြင့် ၁၃ ချက်အထိ ရမ်းကားပစ်ခတ်ခဲ့သည့် အသက် ၃၇ နှစ်အရွယ် ရဲအရာရှိိတစ်ဦးကို ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) တွင် ရဲတပ်ဖွဲ့က ကုန်တိုက်တစ်ခုအတွင်း အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်ဗျာ။ တရားခံတွင် စိတ်ကျန်းမာရေးချို့တဲ့သည့် ရာဇဝင်ရှိကြောင်း သိရသည်။
ယနေ့တွင် တရားခံသည် ဆူရတ်ထာနီခရိုင်၊ မဲဆန္ဒနယ်အမှတ် (၆) မှ လွှတ်တော်အမတ် မစ္စတာ ပီချိုင်း (Pichai Chomphuphol) ၏ ပါတီညှိနှိုင်းရေးရုံးသို့ ရောက်ရှိလာပြီး လွှတ်တော်အမတ်ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် ပစ္စတိုသေနတ်ဖြင့် ရုံးခန်းအတွင်းသို့ ၁၃ ချက်အထိ ပစ်ခတ်ကာ မောင်းထွက်သွားခဲ့သည်။ ၎င်းဖြစ်စဉ်ကို CCTV တွင် အထင်အရှား မှတ်တမ်းတင်နိုင်ခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် တရားခံသည် ဆူရတ်ထာနီမြို့ရှိ နာမည်ကြီး Shopping Mall (ကုန်တိုက်) တစ်ခုအတွင်းရှိ စားသောက်ဆိုင်တွင် အေးဆေးစွာ အစားအသောက် လာရောက်သုံးဆောင်နေခဲ့သည်။ ရဲတပ်ဖွဲ့သည် နံနက် ၁၁:၀၀ နာရီတွင် တရားခံရှိရာနေရာကို ဝိုင်းရံပိတ်ဆို့နိုင်ခဲ့သော်လည်း ကုန်တိုက်အတွင်း လူစည်ကားနေခြင်း၊ တရားခံတွင် သေနတ်ပါလာခြင်းနှင့် စိတ်မမှန်ခြင်းတို့ကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပြီး ဓားစာခံဖမ်းဆီးမှုမျိုး မဖြစ်စေရန် အနီးကပ် စောင့်ကြည့်ရုံသာ လုပ်ဆောင်ခဲ့သည်။
မွန်းလွဲ ၁:၃၀ နာရီတွင် တရားခံသည် စားသောက်ဆိုင်မှထွက်ပြီး အိမ်သာအတွင်းသို့ ဝင်ရောက်သွားချိန်တွင် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များက အနောက်မှ ကပ်လိုက်သွားကာ မည်သည့်ခုခံမှုမျှ မလုပ်နိုင်ဘဲ အောင်မြင်စွာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
တရားခံမှာ ရဲအရာရှိဧကချိုင်း (Ekachai Suphitak၊ ၃၇ နှစ်) ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ နယ်မြေ (၈) လေ့ကျင့်ရေးသင်တန်းကျောင်း၏ ဒုတိယကျောင်းအုပ် ဖြစ်သည်။
၎င်း၏ ကနဦးထွက်ဆိုချက်အရ လွှတ်တော်အမတ် မစ္စတာ ပီချိုင်းသည် ၎င်း၏ညီဖြစ်သူကို ယခင်က ခြိမ်းခြောက်ခဲ့ဖူးသဖြင့် မကျေနပ်ဘဲ ကလဲ့စားချေသည့်အနေဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆူရတ်ထာနီခရိုင် ရဲတပ်ဖွဲ့မှူး Pol. Maj. Gen. Suwat Suksri ၏ ပြောကြားချက်အရ ၎င်းသည် တရားခံ၏ အထက်လူကြီးဟောင်းဖြစ်ပြီး တရားခံတွင် စိတ်ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ကုသခဲ့ရသည့် ရာဇဝင်ရှိကြောင်း၊ သို့သော် နောက်ပိုင်းတွင် ဆေးကုသမှု ပုံမှန်ခံယူခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်မှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အမှုကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ လက်ရှိတွင် စိတ်ကျန်းမာရေးဆရာဝန်များနှင့်အတူ ၎င်း၏ စိတ်အခြေအနေကို စစ်ဆေးရန် စီစဉ်နေသည်။
လက်ရှိတွင် ချိုင်ယာခရိုင်တရားရုံး (Chaiya Provincial Court) မှ ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး တရားခံအား ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်း ပိုင်ဆိုင်မှု၊ လူစည်ကားရာ အများပြည်သူရှေ့တွင် တရားမဝင် သေနတ်ကိုင်ဆောင်မှု၊ အကြောင်းမဲ့ သေနတ်ပစ်ခတ်မှုနှင့် သူတစ်ပါးပိုင်ပစ္စည်း ဖျက်ဆီးမှု အပါအဝင် ပြစ်မှုကြီး (၃) ခုဖြင့် အမှုဖွင့် အရေးယူထားပါတယ်။
Source;Thairath
