ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် ဖောက်လုပ်နေဆဲ ဒန်ချိုင်း-ချင်းရိုင်း-ချင်းခေါင် ရထားလမ်းပိုင်းရှိ “ဒွိုင်လူအန်ဥမင်လိုဏ်ခေါင်း” (Doi Luang Tunnel) အတွင်း ယမန်နေ့ (ဇွန်လ ၂၀ ရက်) မွန်းလွဲပိုင်းက နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါဥမင်သည် ၃.၄ ကီလိုမီတာ ရှည်လျားပြီး ဥမင်တူးဖော်မှု ပြီးစီးကာ ကွန်ကရစ်နံရံလောင်းခြင်းလုပ်ငန်း ၇၅% ကျော် ဆောင်ရွက်ထားပြီး ဖြစ်သည်။ သို့သော် လတ်တလော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်ကျောက်လွှာများအတွင်း ရေဓာတ်များပြားကာ ခံနိုင်ရည်ထက်ကျော်လွန်ပြီး ကွန်ကရစ်မလောင်းရသေးဘဲ အကာအကွယ်မဲ့နေသည့် ဥမင်နံရံအပိုင်းတစ်ခု ယာယီထောက်တိုင်များကျိုးကာ ပြိုကျခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းအင်ဂျင်နီယာချုပ်က ကွန်ကရစ်လောင်းပြီးသား ပင်မဥမင်ဖွဲ့စည်းပုံကြီးမှာ ခိုင်ခံ့ဘေးကင်းဆဲဖြစ်ပြီး၊ ယခုဖြစ်စဉ်သည် စီမံကိန်းအချိန်ဇယားအပေါ် သက်ရောက်မှုမရှိကြောင်း အတည်ပြုထားသည်။ ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ချင်းရိုင်းပရာချာနုခရော့ဆေးရုံသို့ ပို့ဆောင်ထားသည်။
ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ထံ တိုက်ရိုက်အစီရင်ခံခဲ့ရာ ဝန်ကြီးချုပ်က အထူးစိုးရိမ်ပူပန်ကြောင်းနှင့် သေဆုံး/ဒဏ်ရာရသူမိသားစုများကို အပြည့်အဝ ကူညီစောင့်ရှောက်ရန် ညွှန်ကြားထားသည်။ ဤဖြစ်စဉ်သည် ဥမင်တစ်ခုလုံး ပြိုကျခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသည့် ဒေသန္တရပြိုကျမှုသာဖြစ်၍ ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ဆိုသည်။
Source;Thairath
