ထိုင်းနိုင်ငံ၏ ကမ္ဘာကျော် ရေမြင်းပုလေး မူးဒန်း (Moo Deng) သည် လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးတွင် စပိန်အသင်းကို အနိုင်ယူပြီး အာဂျင်တီးနားအသင်း ချန်ပီယံဖလား ဆွတ်ခူးသွားလိမ့်မည်ဟု ခန့်မှန်းလိုက်ပြန်ပါတယ်။
ချွန်ပူရီ (Chon Buri) ပြည်နယ်၊ သီရာချာခရိုင်ရှိ ခေါင်ခီယိုပွင့်လင်းတိရစ္ဆာန်ဥယျာဉ် (Khao Kheow Open Zoo) သည် ကမ္ဘာ့ဖလားဗိုလ်လုပွဲ အကြိုစိတ်လှုပ်ရှားမှုအဖြစ် ဇူလိုင် ၁၈ ရက် (စနေနေ့) တွင် ယခုကဲ့သို့ ပျော်ရွှင်စရာ ခန့်မှန်းပွဲတော်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူများက စပိန် (ESP) နှင့် အာဂျင်တီးနား (ARG) နိုင်ငံအလံများ၊ အမည်များ ထွင်းထုထားသည့် သစ်သီးဗန်းနှစ်ဗန်းကို ပြင်ဆင်ပေးခဲ့ရာ၊ မူးဒန်းသည် လှောင်အိမ်ထဲမှ ထွက်လာသည်နှင့် လမ်းတည့်တည့်လျှောက်ကာ အာဂျင်တီးနား သစ်သီးဗန်းကို တွန့်ဆုတ်မှုမရှိဘဲ တန်းစီရွေးချယ်စားသုံးခဲ့သဖြင့် လာရောက်ကြည့်ရှုသူ ပရိသတ်များအကြား အုန်းအုန်းကျွက်ကျွက် အားပေးခဲ့ကြသည်။
ဤခန့်မှန်းချက်သည် မူးဒန်းအတွက် မျက်နှာပန်းလှခွင့်ရမည့် အခြေအနေလည်း ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ယခင်ပွဲစဉ်နှစ်ခုဖြစ်သည့် ပြင်သစ် နှင့် စပိန်ပွဲတွင် ပြင်သစ်ကိုလည်းကောင်း၊ အင်္ဂလန် နှင့် အာဂျင်တီးနားပွဲတွင် အင်္ဂလန်ကိုလည်းကောင်း မှားယွင်းခန့်မှန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။
ဥယျာဉ်ညွှန်ကြားရေးမှူး နရွန်ဝစ် (Narongwit Chodchoi) က ယခုလှုပ်ရှားမှုသည် တိရစ္ဆာန်ဥယျာဉ်ကို လူသိများစေရန်နှင့် ဘောလုံးပရိသတ်များကို ပျော်ရွှင်မှုပေးရန် သက်သက်သာဖြစ်ပြီး၊ မူးဒန်းအတွက်လည်း အာဟာရပြည့်ဝစေကာ စိတ်ဖိစီးမှုလျော့ကျစေသည့် တိရစ္ဆာန်ပြုစုပျိုးထောင်ရေး (Animal Enrichment) အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ မည်သည့်လောင်းကစားမှုကိုမျှ အားပေးရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
Source;The Nation
