ထိုင်းနိုင်ငံ၊ ဖယောာင်းတွင် ကလေးတွေ နေ့လယ်စာစာရင်း လက်မှတ်မထိုးပေးသည့် ဆရာမကြီး ကို ရွာသားများ ဝိုင်းမောင်းထုတ်ပြီး ခြိမ်းခြောက်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုမှ အမျိုးသမီးဆရာမကြီးတစ်ဦးသည် ကျောင်းနေ့လယ်စာ စာရင်းများကို လက်မှတ်ထိုးအတည်ပြုပေးရန် ငြင်းဆန်ခဲ့ပြီးနောက်၊ ရွာသားအုပ်စု၏ ဝိုင်းဝန်းမောင်းထုတ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ခံရသဖြင့် သူမ၏လုံခြုံရေးအတွက် တရားမျှတရေးဝန်ကြီးဌာနသို့ သွားရောက်ကာ ရဲအကာအကွယ်ပေးရန် တောင်းဆိုလိုက်ပါတယ်။

ဖူဆန် (Phu Sang) ခရိုင်၊ ဘန်ရုန်းချင်ရန်ကျောင်း (Ban Rong Chiang Raeng) မှ ဆရာမကြီး ကာလုံ (Kalong Jobsri) သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ရွာသား ၄၀ မှ ၅၀ ခန့် ကျောင်းရှေ့တွင် လာရောက်ကာ သူမအား ကျောင်းမှထွက်ခွာပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခြင်းကို ကြုံတွေ့ခဲ့ရသည်။ ရွာသားများက သူမသည် လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေဘဲ ကျောင်းတွင်း စိတ်ဝမ်းကွဲမှုများဖြစ်အောင် လုပ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

ဆရာမကြီး ကာလုံ၏ ပြောကြားချက်အရ ကန်ထရိုက်တာဘက်က ပံ့ပိုးပေးသည့် နေ့လယ်စာမီနူးများသည် ကလေးငယ်များအတွက် အာဟာရမပြည့်စုံ ကြောင့် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျောင်း၏ ပစ္စည်းဝယ်ယူရေးလုပ်ငန်းစဉ် တွင်လည်း မရိုးမသားမှုများ ရှိနေသဖြင့် စုံစမ်းစစ်ဆေးသင့်ကြောင်း သူမက ထောက်ပြထားသည်။

ဆရာမကြီး ကာလုံသည် ယခင် ၂၀၁၈ ခုနှစ်က ချင်းရိုင်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် တာဝန်ကျစဉ်ကလည်း ကျောင်းဆင်းရဲသားကလေးငယ်များ ရန်ပုံငွေ၊ နေ့လယ်စာဘတ်ဂျက်နှင့် ကျောင်းဆောင်ပြင်ဆင်ရေးဘတ်ဂျက်များတွင် အဂတိလိုက်စားမှု ရှိနေကြောင်း အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) ထံ တိုင်ကြားခဲ့ဖူးသည်။

အဂတိတိုက်ဖျက်ရန် ကြိုးစားခဲ့သော်လည်း ထိုစဉ်က သူမသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စစ်ဆေးခြင်း ခံခဲ့ရပြီး လစာတိုးခွင့်ပါ အပိတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် အခြားကျောင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း သူမ၏ ကားမှာ ခဲဖြင့်ပေါက်ခံရခြင်း၊ ခြစ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ယခုလက်ရှိ ဖယောင်းပြည်နယ်ကျောင်းရှိ စီမံခန့်ခွဲသူအချို့မှာလည်း အဆိုပါ ချင်းရိုင်ကျောင်းဟောင်းမှ လူဟောင်းများနှင့် ဆက်နွှယ်မှုရှိနေသည်ဟု သူမက ယုံကြည်နေသည်။

ဆရာမကြီးသည် ပြည်တွင်းမီဒီယာအချို့တွင် သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ခေါင်းစဉ်များဖြင့် ရေးသားခံရခြင်း၊ အသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် ဒေသခံရဲစခန်းတွင် အမှုဖွင့်တိုင်ချက်ဖွင့်ထားသည်။ ထို့အပြင် ယခုသီတင်းပတ်ကုန်တွင် ဘန်ကောက်မြို့ရှိ တရားမျှတရေးဝန်ကြီးဌာန၊ Office of Witness Protection သို့ ကိုယ်တိုင်သွားရောက်ကာ သူမ၏ နေအိမ်နှင့် လုပ်ငန်းခွင်အတွင်း ရဲတပ်ဖွဲ့က ပုံမှန်ကင်းလှည့် စောင့်ရှောက်ပေးရန်နှင့် လုံခြုံသောနေရာ (သို့မဟုတ်) သူမ၏ ခင်ပွန်းရှိရာ ကန်ဖန်ဖတ် (Kamphaeng Phet) ပြည်နယ်သို့ ပြောင်းရွှေ့ပေးရန် အကူအညီတောင်းခံထားပါတယ်။

Source;Thaiger