အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မိပြီး ပြန်ပါလာတဲ့ ထိုင်းနိုင်ငံသားတွေကို အထောက်အထားမရှိရင် အရေးယူမည်

ကမ္ဘောဒီးယားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်များကို ဝင်ရောက်နှိမ်နင်းရာတွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ၇၉ ဦးကို တရားဥပဒေအရ အရေးယူမှုများ ဆောင်ရွက်ပြီးနောက်၊ ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းအာဏာပိုင်များထံသို့ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဆာကဲအို (Sa Kaeo) ပြည်နယ်၊ Aranyaprathet မြို့နယ်ရှိ “ဘန်ခလောင်လုခ်” (Ban Khlong Luek) နယ်စပ်စစ်ဆေးရေးဂိတ်အနီး ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၇၉ ဦးတွင် အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၄ ဦး ပါဝင်သည်။

ပြန်လည်ရောက်ရှိလာသူများအနက် ၅ ဦးမှာ ယခင်က ရာဇဝတ်မှုပေါင်း ၂၀ ခုနှင့် ဆက်နွှယ်နေသည့် စာရင်းဟောင်း (Warrants) ရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အာဏာပိုင်များက ၎င်းတို့အား သီးသန့်ခွဲထုတ်ကာ အထူးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ဆာကဲအိုပြည်နယ် အလုပ်သမားရှာဖွေရေးရုံးက ပြန်လည်ရောက်ရှိလာသူ အားလုံး၏ စာရွက်စာတမ်းများကို သေချာစွာ စစ်ဆေးလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တရားဝင်ခွင့်ပြုချက် အထောက်အထား မပြသနိုင်သူများသည် “အလုပ်အကိုင်နှင့် အလုပ်ရှာဖွေသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ” အရ တစ်ဦးလျှင် ဘတ် ၅,၀၀၀ စီ ဒဏ်ငွေရိုက်ခြင်း ခံရမည်ဖြစ်သည်။

တရားမဝင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများကို တားဆီးရန်၊ လူကုန်ကူးမှုများကို တိုက်ဖျက်ရန်နှင့် နယ်စပ်ဒေသများကို အသုံးပြု၍ ပြစ်မှုကျူးလွန်နေကြသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို စောင့်ကြည့်ရန်အတွက် နယ်စပ်လုံခြုံရေးကို ယခင်ကထက် ပိုမိုတင်းကျပ်ထားကြောင်း အရာရှိများက ဆိုသည်။

Source;Thaiger