ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စာရီယန်းမြို့နယ် အတွင်းရှိ ဒေသခံများ ဝယ်ယူခဲ့သည့် ကြက်ဥများ၌ ပုံမှန်မဟုတ်ဘဲ ပန်းရောင်နှင့် အနီရောင်များအဖြစ် အရောင်ပြောင်းလဲနေမှု တွေ့ရှိရသဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများက အဆိုပါ ကြက်ဥများကို လုံးဝမစားသုံးကြရန်နှင့် သံသယဖြစ်ဖွယ်ကြက်ဥများကို သိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုများ အရေးပေါ် လုပ်ဆောင်နေကြောင်း ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်) တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေသခံပြည်သူများသည် ဈေးဆိုင်မှ ကြက်ဥများကို ဝယ်ယူပြီးနောက် အိမ်၌ ချက်ပြုတ်စားသောက်ရန် ဖောက်လိုက်သည့်အခါ ကြက်ဥအကာ များမှာ နီစပ်စပ် ပန်းရောင်ဖြစ်နေပြီး၊ ကြက်ဥအနှစ် (Yolks) များမှာ လိမ္မော်ရောင်ရင့်ရင့် ဖြစ်နေသည့် ထူးဆန်းသော စိုးရိမ်ဖွယ်ရာ မူမမှန်မှုများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
မယ်စာရီယန်းမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝေါ်ရဆတ် ၏ ညွှန်ကြားချက်အရ လုံခြုံရေးအရာရှိ နာရီဝီကစ် ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် စားသုံးသူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ အဆိုပါ ကြက်ဥများ ရောင်းချသည့် ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ကနဦး စစ်ဆေးချက်များအရ အဆိုပါ လက်လီဆိုင်ရှင်သည်လည်း ယခုပြဿနာကို မကြာသေးမီကမှ သိရှိခဲ့ခြင်းဖြစ်ပြီး၊ ရောင်းချသည့် ကြက်ဥအားလုံးကို ချင်းမိုင်ခရိုင် ရှိ လက္ကားဒိုင်ကြီးတစ်ခုထံမှတစ်ဆင့် မှာယူခဲ့ခြင်း ဖြစ်သည်။ ထိုလက္ကားဒိုင်သည် မယ်စာရီယန်းမြို့နယ်အတွင်းရှိ အခြားလက်လီဆိုင်အများအပြားကိုလည်း ကြက်ဥများ ဖြန့်ဖြူးပေးနေသည့် ဒိုင်ဖြစ်ကြောင်း သိရသည်။
ဆိုင်ရှင်ဖြစ်သူက ဤဖြစ်စဉ်အတွက် လူထုကို အနူးအညွတ်တောင်းပန်ခဲ့ပြီး၊ ၎င်းဆိုင်မှ ဝယ်ယူသွားသည့်အထဲတွင် ထိုကဲ့သို့ အရောင်ပြောင်းလဲနေသည့် ကြက်ဥများ ပါဝင်သွားပါက ဆိုင်သို့ လာရောက်ကာ ချက်ချင်း အခမဲ့လဲလှယ်နိုင်ကြောင်း ကြေညာထားသည်။ ထို့အပြင် ၎င်းအနေဖြင့် အစိုးရ၏ ပူးတွဲပေးချေမှု ထောက်ပံ့ရေးအစီအစဉ် တွင်လည်း ပုံမှန်အတိုင်း ဆက်လက်ပါဝင်ပြီး ရိုးသားစွာ ဆက်လက်ရောင်းချသွားမည်ဟု ကတိပြုခဲ့သည်။
ပြည်သူ့ကျန်းမာရေး အရာရှိများက မိဘပြည်သူများအနေဖြင့် အဆိုပါ ပန်းရောင် သို့မဟုတ် နီစပ်စပ်အရောင်ပြောင်းနေသည့် ကြက်ဥများကို လုံးဝ (လုံးဝ) မစားသုံးကြရန် ပြင်းထန်စွာ သတိပေးထားသည်။ ထိုသို့သော မူမမှန်သည့် ကြက်ဥများကို တွေ့ရှိပါက မိမိတို့ဒေသရှိ ကျန်းမာရေးဌာနခွဲများ သို့မဟုတ် ကျေးရွာလူကြီးများထံ ဓာတ်ခွဲစစ်ဆေးနိုင်ရန် ချက်ချင်း သတင်းပို့ အကြောင်းကြားပေးကြပါရန် တိုက်တွန်းထားပါတယ်။
Source;Khaosod
