ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ရယောင်းခရိုင် (Rayong Province) ရှိ စွန်ဆွန် (Suan Son) ကမ်းခြေတလျှောက်တွင် ထူးဆန်းပြီး တစ်ခါမျှမမြင်ဖူးသည့် “ပန်းရောင်ပင်လယ်မျှော့ (Pink Sea Cucumbers)” အကောင်ငယ်ပေါင်းများစွာ ကမ်းခြေ မီတာ ၁၀၀ ခန့်အထိ အများအပြား လာရောက်သောင်တင်နေသည့် ဖြစ်စဉ်တစ်ခု မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်) တွင် ဖြစ်ပွားခဲ့သဖြင့် ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား အံ့အားသင့်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပါတယ်။
လက်မခန့်အရွယ်အစားရှိသော ကိုယ်ထည်ရှည်လျားသည့် ပန်းရောင်ပင်လယ်သတ္တဝါများသည် ကမ်းခြေသဲသောင်ပြင်ပေါ်ရှိ ခရုခွံများနှင့်အတူ သောင်းချီကာ သောင်တင်နေခြင်းဖြစ်သည်။ ဒေသခံရေလုပ်သားများက ၎င်းတို့ကို ဒေသအခေါ် “ပလင်လုယို” (Plling look yo) ဟု ခေါ်ဆိုကြပြီး၊ ပုံမှန်အားဖြင့် သန္တာကျောက်တန်းများတွင် တွယ်ကပ်နေထိုင်တတ်ကာ အကောင်ကြီးလာပါက ဓါတ်ဆားရည်ပုလင်းခန့်အထိ ကြီးထွားနိုင်သည်ဟု ဆိုသည်။
ထိုင်းပင်လယ်ပြင်နှင့် ကမ်းရိုးတန်းအရင်းအမြစ်ဦးစီးဌာန (DMCR) မှ ရေလုပ်ငန်းသိပ္ပံပညာရှင်များ၏ ကနဦးသုံးသပ်ချက်အရ လက်ရှိမုတ်သုံရာသီကြောင့် ပင်လယ်လှိုင်းကြီးကာ ရေအောက်မှ သတ္တဝါများကို ကမ်းခြေသို့ ရိုက်ခတ်ယူဆောင်လာခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ သို့သော် ဒေသခံတံငါသည်အချို့ကမူ ယခုဖြစ်စဉ်သည် ရေအောက်ဂေဟစနစ် ပျက်စီးယိုယွင်းလာခြင်း၏ အချက်ပြလက္ခဏာတစ်ခု ဖြစ်နိုင်ကြောင်း ယူဆနေကြသဖြင့် အာဏာပိုင်များက ပင်လယ်ရေနမူနာများကို ရယူကာ ဓါတ်ခွဲစစ်ဆေးနေသည်။
ပန်းရောင်ပင်လယ်မျှော့များကို မြင်တွေ့ပါက အလှအပအဖြစ် ကြည့်ရှုနိုင်သော်လည်း လက်ဖြင့် လုံးဝ (လုံးဝ) မကိုင်တွယ်ရန် သတိပေးထားသည်။ အချို့သူများတွင် ပြင်းထန်သော အရေပြားဓာတ်မတည့်မှု (Allergic reactions) များ ဖြစ်ပွားစေနိုင်ခြင်းကြောင့်ဖြစ်သည်။
ကမ်းခြေတွင် လမ်းလျှောက်ပါက အဆိုပါအကောင်များကို မနင်းမိစေရန် တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနက် အချို့မှာ အသက်ရှင်နေဆဲဖြစ်ပြီး လှိုင်းပြန်တက်ချိန်တွင် ပင်လယ်ထဲသို့ မျှောပါသွားပါက ပြန်လည်အသက်ရှင်နိုင်ခြေ ရှိနေသောကြောင့် ဖြစ်သည်။
Source;Thairath
