ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် သက်သာချောင်ချိရေး ဌာန (DDPM) က မိုးရွာသွန်းမှု အားကောင်းလာမည်ဖြစ်သဖြင့် ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၅၁ ခုတွင် ရုတ်တရက် ရေကြီးရေလျှံမှု၊ တောင်ကျရေဆင်းမှုများနှင့် ပတ်သက်၍ အထူးသတိပြုရန် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဗျာ။
အမြင့်ဆုံး စိုးရိမ်ရသည့် ဒေသများ:
-မြောက်ပိုင်း: မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် နှင့် တာ့ခ် ခရိုင်။
-အရှေ့မြောက်ပိုင်း (အိသန်): ဘိုအင်းကန်၊ နခွန်ဖနုမ် နှင့် စခွန်နခွန် ခရိုင်။
-အရှေ့ပိုင်း: စန္ဒပူရီ (Chanthaburi) နှင့် တရတ် (Trat) ခရိုင်။
သတင်းအချက်အလက် ပို့ဆောင်မှု: သတိပေး တာဝါတိုင်များ၊ Cell Broadcast မိုဘိုင်းစနစ်များနှင့် ဒေသခံ တိုင်းရင်းသား ဘာသာစကားများဖြင့် ဘာသာပြန်ဆို၍ ပြည်သူများထံ အရေးပေါ် သတင်းအချက်အလက်များ အမြန်ဆုံး အသိပေးသွားမည်ဖြစ်သည်။
နယ်မြေအလိုက် လက်ရှိ ရေကြီးမှု အခြေအနေများ
နန်း (Nan) ခရိုင်: ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရှင်းလင်းရေးလုပ်ငန်း (Big Cleaning) ၁၀၀% နီးပါး ပြီးစီးကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိနေပြီဖြစ်သည်။ သေဆုံးသူ မိသားစုများအတွက် ထောက်ပံ့ကြေးများ စတင်ပေးအပ်နေပြီဖြစ်သည်။
တာ့ခ် (Tak) ခရိုင်: မိုးသောက် (Moei) မြစ်နှင့် ဝမ် (Wang) မြစ်ရေများ ပြန်လည်ကျဆင်းသွားပြီး အာဏာပိုင်များက ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူကာ ကူညီရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။
ဘိုအင်းကန် (Bueng Kan) ခရိုင်: မဲခေါင်မြစ်ရေ မြင့်တက်လာသဖြင့် စိုက်ပျိုးရေး မြေအချို့ ထိခိုက်မှုရှိနေပြီး ရေစုပ်စက်များ ထည့်သွင်းခြင်းနှင့် သဲအိတ်များ ကာရံခြင်းတို့ကို ကြိုတင် ပြင်ဆင်နေသည်။
ချင်းရိုင်နှင့် မယ်ဟောင်ဆောင်: ချင်းရိုင်တွင် မိုးရေဝပ်နေသည့် နေရာများကို CCTV မှတစ်ဆင့် ၂၄ နာရီ စောင့်ကြည့်နေပြီး မယ်ဟောင်ဆောင်တွင် သတိပေးချက်များ ကြိုတင်ထုတ်ပြန်ထားသည်။
အာဏာပိုင်များက ၂၄ နာရီပတ်လုံး စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများ၊ စက်ယန္တရားများနှင့် စာသင်ကျောင်း/ခိုလှုံရေး စခန်းများကို ကြိုတင်ပြင်ဆင်ထားရှိသည်။ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရပါက သက်ကြီးရွယ်အိုနှင့် ထိခိုက်လွယ်သူများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
အကူအညီ လိုအပ်ပါက DDPM ၏ 1784 Hotline သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်ပါသည်။
Source;Khaosod
