ခလောင်ထွန် စင်တာ မီးလောင်မှုအပြီး PM2.5 မြင့်တက်နေ၍ N95 တပ်ဆင်ကြရန် ဘန်ကောက်မြို့တော်ဝန် သတိပေး

ဘန်ကောက်မြို့၊  ခလောင်ထွန် စင်တာ (Khlong Thom Center) မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ဘန်ကောက် မြို့တော်ဝန် Chadchart Sittipunt က သွားရောက်စစ်ဆေးခဲ့ပြီး မီးကို လုံးဝနီးပါး ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အဆောက်အအုံအတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိနေသေးသလို PM2.5 အမှုန့်အမွှား ပမာဏမှာလည်း အန္တရာယ်ရှိအဆင့်အထိ မြင့်တက်နေကြောင်း သတိပေးလိုက်ပါတယ်။

မီးလောင်မှု ဖြစ်ပွားရာနေရာ အနီးဝန်းကျင်၌ တိုင်းတာချက်များအရ လေထုအတွင်း PM2.5 ပမာဏသည် တစ်ကုဗမီတာလျှင် ၆၃၀ မိုက်ခရိုဂရမ် အထိ အဆမတန် မြင့်တက်နေကြောင်း တွေ့ရှိရသည်။

ပဏာမ စစ်ဆေးချက်များအရ စိုးရိမ်ရသည့် အဆိပ်ဓာတ်ငွေ့များနှင့် အငွေ့ပျံလွယ်သော ဒြပ်ပေါင်းများ (VOCs) မှာ သာမန်အဆင့် (0.4 ppm) သာရှိသဖြင့် စိုးရိမ်စရာ မရှိသေးပေ။

မီးခိုးနှင့် ဖုန်မှုန့်များကြောင့် ဒေသခံများအနေဖြင့် အဆိုပါဧရိယာသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမပြုကြရန်နှင့် သွားရောက်ပါက N95 မာစ်ခ် (Mask) များကို မပျက်မကွက် တပ်ဆင်ကြရန်၊ ထိခိုက်လွယ်သည့် ကျန်းမာရေးချို့တဲ့သူများ အထူးသတိပြုကြရန် မြို့တော်ဝန်က တိုက်တွန်းထားသည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် အနီအောက်ရောင်ခြည် ကင်မရာပါသော ဒရုန်းများကို အသုံးပြု၍ အဆောက်အအုံအတွင်း မီးကြွင်းမီးကျန် (Hot spots) များရှိသည့် နေရာများကို အထက်စီးမှ ကင်းထောက်ရှာဖွေကာ မီးသတ်သမားများ ဘေးကင်းစွာ ဝင်ရောက်နိုင်ရန် စီစဉ်လျက်ရှိသည်။

လေကြောင်းလိုင်းသည် မြောက်အရှေ့ဘက်သို့ တိုက်ခတ်မည်ဟု ခန့်မှန်းရသဖြင့် လေတိုက်ရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုအရည်အသွေးကို BMA က အနီးကပ် စောင့်ကြည့်စစ်ဆေးပြီး ပြည်သူများထံ သတိပေးချက်များ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

Source;Khaosod