ထိုင်းဗဟိုဘဏ်မှ ရွှေဆိုင်များတွင် ငွေသားဖြင့် ရွှေဝယ်ယူမှု ကန့်သတ်ရန် စဉ်းစားနေ

ထိုင်းဘတ်ငွေ လဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် မသင်္ကာဖွယ် ငွေကြေးစီးဆင်းမှုများကို လျှော့ချနိုင်ရန်အတွက် ထိုင်းဗဟိုဘဏ် (Bank of Thailand – BoT) သည် ရွှေဆိုင်များတွင် ငွေသားဖြင့် သီးသန့် ရွှေချောင်းဝယ်ယူမှုများကို ပမာဏကန့်သတ်ရန် ပြင်ဆင်စိစစ်လျက် ရှိပါတယ်။

တစ်ဦးချင်း ဝယ်ယူသူများအတွက် ရွှေဆိုင်တစ်ဆိုင် သို့မဟုတ် ဘဏ်ခွဲတစ်ခုတွင် တစ်ဦးလျှင် တစ်ရက်လျှင် ဘတ် ၁ သန်းမှ ၁၀ သန်းကြား အထိသာ ငွေသားဖြင့် ရောင်းဝယ်ခွင့်ပြုရန်နှင့် ရွှေကုန်သည်များအကြား ရောင်းဝယ်မှုအတွက် တစ်ရက်လျှင် ဘတ် သန်း ၁၀ မှ သန်း ၈၀ ကြား အထိသာ ငွေသားဖြင့် သုံးစွဲခွင့်ပြုရန်ဖြစ်ပြီး ငွေသားဖြင့် ဝယ်ယူနိုင်မည့် ပမာဏ ကန့်သတ်ချက်များဖြစ်ပါတယ်။

အဆိုပါ သတ်မှတ်ပမာဏထက် ကျော်လွန်သည့် ရောင်းဝယ်မှုများကို ဘဏ်အကောင့်မှတစ်ဆင့် လွှဲပြောင်းသည့် စစ်ဆေးရလွယ်ကူသော (Traceable) အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များကိုသာ သုံးစွဲရမည်ဖြစ်သည်။

ကမ္ဘာ့ရွှေဈေး မြင့်တက်ချိန်တွင် ရွှေဒိုင်များက ရွှေများကို ပြည်ပသို့ တင်ပို့ပြီး ရရှိလာသည့် နိုင်ငံခြားငွေများကို ဘတ်ငွေသို့ ပြန်လည်လဲလှယ်လေ့ရှိရာ ထိုင်းဘတ်ငွေ တန်ဖိုးကို ပုံမှန်မဟုတ်ဘဲ မြင့်တက်စေခဲ့သည်။

အွန်လိုင်းမှ ရွှေရောင်းဝယ်မှုများကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှစ၍ တစ်ဦးလျှင် ဘတ် သန်း ၅၀ အထိ ကန့်သတ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့်သာ ငွေပေးချေစေခဲ့သော်လည်း ပြင်ပရွှေဆိုင်များတွင် ငွေသားဖြင့် အရောင်းအဝယ်ပြုလုပ်မှုကို စိစစ်ရန် လိုအပ်နေသေးသည်။

တရားမဝင် ငွေကြေးခဝါချမှုများနှင့် မသင်္ကာဖွယ်ရာ ငွေကြေးစီးဆင်းမှုများကို တားဆီးရန် ထိုင်း ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးရုံး (AMLO) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

Source;The Nation