ထိုင်ဝမ်ကျွန်းဘက်သို့ ဦးတည်ရွေ့လျားနေသည့် အင်အားပြင်း Typhoon Bavi ကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ပြေးဆွဲရန်ရှိသော လေကြောင်းခရီးစဉ်များအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ခရီးသည်များအနေဖြင့် ရာသီဥတုအခြေအနေနှင့်
လေကြောင်းသတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်ကြရန် ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း က အသိပေးနှိုးဆော်ထားပါတယ်။
အဆိုပါ ကာလအပိုင်းအခြားအတွင်း ထိုင်ဝမ်သို့ သွားရောက်မည့် သို့မဟုတ် ထိုင်ဝမ်မှ ထွက်ခွာမည့် ခရီးသည်များအနေဖြင့် လေဆိပ်သို့ မလာရောက်မီ မိမိတို့၏ လေယာဉ်ခရီးစဉ် အခြေအနေကို သေချာစွာ ကြိုတင်စစ်ဆေးကြရန် တိုက်တွန်းထားသည်။
မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်ခရီးစဉ်များ နောက်ကျခြင်း၊ အချိန်ဇယား ပြောင်းလဲခြင်း သို့မဟုတ် လိုအပ်ပါက ခရီးစဉ်များကို ဖျက်သိမ်းရခြင်းမျိုးအထိ ရှိလာနိုင်ကြောင်း လေကြောင်းလိုင်းဘက်က ဆိုသည်။
ခရီးသည်များအနေဖြင့် မိမိတို့၏ လေယာဉ်ခရီးစဉ် အခြေအနေ ပြောင်းလဲမှု ရှိ၊ မရှိကို အောက်ပါ လမ်းကြောင်းများမှတစ်ဆင့် အချိန်နှင့်တပြေးညီ ဝင်ရောက်စစ်ဆေးနိုင်သည်-
- THAI Mobile အပလီကေးရှင်း
- လေကြောင်းလိုင်း၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.thaiairways.com
Source;The Nation
