ဘန်ကောက်နှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ ကွန်ဒိုစျေးကွက်တွင် ရောင်းမထွက်ဘဲ ပုံအောကျန်နေသည့် အခန်းပေါင်း ၃၅၀,၀၀0 နီးပါး ရှိနေပြီး၊ လက်ရှိအဝယ်နှုန်းအရ အားလုံးကုန်စင်ရန် ၅ နှစ်မှ ၆ နှစ်ခန့် အချိန်ယူရနိုင်ကြောင်း Knight Frank Thailand ၏ ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။မြို့လယ်ခေါင် (CBD) တွင် စီမံကိန်းအသစ် တစ်ခုမျှ ထပ်မံမဖွင့်လှစ်ခဲ့ဘဲ၊ အသစ်ဆောက်သည့် ကွန်ဒိုများ၏ ၅၈ ရာခိုင်နှုန်းကျော်မှာ မြို့ဆင်ခြေဖုံးနေရာများ ဖြစ်လာသည်။
ကွန်ဒိုအသစ်များ၏ ၆၈ ရာခိုင်နှုန်းကျော်သည် ၁ စတုရန်းမီတာလျှင် ဘတ် ၈၀,၀၀0 အောက် (အခန်းတန်ဖိုး ဘတ် ၁.၅ သန်းမှ ၃ သန်းဝန်းကျင်) စျေးနှုန်းများသာဖြစ်ပြီး၊ အမှန်တကယ်နေထိုင်မည့်သူများကိုသာ အဓိကထားလာသည်။ကွန်ဒိုအသစ်များ၏ ကြိုတင်ဘိုကင်တင်ရောင်းချရမှုနှုန်းသည် ၂၄.၃ ရာခိုင်နှုန်းသို့ ထိုးကျသွားခဲ့သည်။ (အခန်း ၁၀၀ ဖွင့်ရောင်းလျှင် ၂၄ ခန်းခန့်သာ အဝယ်ရှိတော့သည်)။
ထိုင်းအစိုးရ၏ အိမ်ခြံမြေချေးငွေ (LTV) ဖြေလျှော့မှုများကြောင့် အခန်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်း ၁၂.၇ ရာခိုင်နှုန်း တက်လာသော်လည်း စျေးကွက်တစ်ခုလုံး ပြန်လည်ဦးမော့လာခြင်း မဟုတ်သေးပေ။ လက်ရှိတွင် တစ်နှစ်လျှင် ကွန်ဒိုပျမ်းမျှ ၆၀,၀၀၀ ခန့်သာ အမည်ပေါက်လွှဲပြောင်းနိုင်သဖြင့် လက်ကျန် အခန်း ၃၅၀,၀၀၀ ကို ကုန်အောင်ရောင်းရန် ၆ နှစ်နီးပါး ကြာမည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဝယ်ယူသူများဘက်က စျေးနှုန်းညှိနှိုင်းခြင်း၊ အထူးလျှော့စျေးနှင့် လက်ဆောင်များကို စိတ်ကြိုက်တောင်းဆိုနိုင်သည့် အသာစီးရခေတ် ဖြစ်လာသည်။
Source;The Nation
