ထိုင်း မွေထိုင်း နည်းပြ အမျိုးသမီးတစ်ဦးသည် ဝမ်းဗိုက်အတွင်း ဟီးရိုးအင်း (Heroin) ဆေးတောင့်၂ တောင့်ကို မျိုချ၍ မူးယစ်ဆေးဝါး မှောင်ခိုကူးရန် ကြိုးပမ်းစဉ် တိုင်ဝမ်နိုင်ငံ ကောင်းရှုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရကြောင်း Radio Taiwan International (RTI) ၏ သတင်းဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ ထိုင်းအမျိုးသမီးသည် ဧပြီ ၆ ရက်နေ့က တိုင်ဝမ်သို့ ရောက်ရှိစဉ် သတင်းကြိုတင် ရရှိထားသော အာဏာပိုင်များ၏ စစ်ဆေးခြင်းကို ခံခဲ့ရပြီး ဝမ်းဗိုက်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဝမ်းဗိုက်အတွင်းမှ စုစုပေါင်း အလေးချိန် ၂၈၉.၁ ဂရမ်ရှိ ပလတ်စတစ်ဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားသော အာလူးပုံစံ ဟီးရိုးအင်း ဆေးတောင့် ၂ တောင့်ကို ထုတ်ယူရရှိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ တိုင်ဝမ်ဒေါ်လာ ၃.၆ သန်း (NT$ 3.6 million) ခန့် တန်ကြေးရှိသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အစာအိမ် အက်ဆစ်ကြောင့် အပြင်ဘက် ပလတ်စတစ် အိတ် ပေါက်ထွက်သွားပါက ဟီးရိုးအင်းများ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့၍ အသက်အန္တရာယ် စိုးရိမ်ရသည့် အလွန်စွန့်စားသော နည်းလမ်းဖြစ်သည်။
အဆိုပါ အမျိုးသမီးသည် မွေထိုင်း နည်းပြတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ် သန်မာသူဖြစ်သဖြင့် မူးယစ်ဆေးများ ခန္ဓာကိုယ်မှ ပြန်လည်စွန့်ထုတ်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် အာဏာပိုင်များက ၂၄ နာရီပတ်လုံး အနီးကပ် စောင့်ကြည့်ခဲ့ရသည်။
လက်ရှိတွင် ကောင်းရှုန်း အစိုးရရှေ့နေရုံးက ၎င်းအား တိုင်ဝမ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဥပဒေများအတိုင်း တရားစွဲဆိုထားပြီး တရားရုံး၏ အမိန့်ဖြင့် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
Source;Thaiger
