ထိုင်း-ဗြိတိန် ကပြားမလေး Saffron Maya Snookက  Miss Global 2026 သရဖူ ဆွတ်ခူး

ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ် Saffron Maya Snook သည် Miss Global 2026 သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံသမိုင်းတွင် အဆိုပါ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ ပထမဆုံးသော Miss Global သရဖူဆောင်း အလှမယ်အဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။

အောက်တိုဘာ ၁၁ ရက်က နွန်သဘူရီခရိုင်၊ The Mall Lifestore Ngamwongwan ရှိ MCC Hall ၌ ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် အမေရိကန်အလှမယ် Kelly Kirstein က 1st Runner-up၊ Puerto Rico အလှမယ် Bianca Nicole Miranda က 2nd Runner-up၊ ဖိလစ်ပိုင်အလှမယ် Jayvee Lyn Lorejo က 3rd Runner-up နှင့် မြန်မာအလှမယ် မျိုးမမ က 4th Runner-up ဆုများ အသီးသီး ရရှိခဲ့ကြသည်။

အသက်ငယ်ရွယ်သူ ထိုင်း-ဗြိတိန် ကပြားမလေး စနုခ်သည် The Face Thailand Season 6 ပြိုင်ပွဲတွင် Finalist ၂၄ ဦးအထိ ပါဝင်ခဲ့ဖူးသလို 7-Up နှင့် Samsung Galaxy Z Flip7 ကြော်ငြာများတွင်လည်း ပါဝင်ရိုက်ကူးခဲ့ဖူးသည်။ ၎င်းသည် University of Sussex အမျိုးသမီး ဘောလုံးအသင်း၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး Unilever Thailand ၌လည်း မားကတ်တင်း အတွေ့အကြုံများ ရရှိခဲ့သူဖြစ်သည်။

စနုခ်သည် ထိုင်းတောင်ပိုင်း ရိုးရာ နိုရာ (Nora) ကပွဲနှင့် စာပေယဉ်ကျေးမှုကို အခြေခံထားသည့် အမျိုးသားဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အောင်ပွဲသည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မေလက သုချာတာ ချွမ်းဆရီ (Opal) Miss World သရဖူ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွက် ဒုတိယမြောက် သမိုင်းဝင် နိုင်ငံတကာ အလှမယ်သရဖူ ဆွတ်ခူးမှု ဖြစ်လာခဲ့သည်။

Source;Thaiger