ပင်ကလောင်ရှိ Host Bar ၌ ဘတ် ၆ သောင်း ဘေလ်မရှင်းနိုင်၍ အမျိုးသမီးအား ကတုံးတုံးမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပင်ကလောင်ရှိ Host Bar တစ်ဆိုင်တွင် ဘတ် ၆၀,၀၀၀ နီးပါး တန်ဖိုးရှိ သောက်စားထားသည်များကို မရှင်းနိုင်သည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ထံ သွားရောက်အရေးယူခြင်း မပြုဘဲ ကတုံးတုံးပစ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့ရာ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

လူမှုရေး လှုပ်ရှားသူ တွန်အော် (Ton Aor Pen Nueng) က အဆိုပါ ဖြစ်စဉ်အား TikTok ပေါ်သို့ တင်ဆက်ရာမှတစ်ဆင့် စတင်လူသိများလာခဲ့သည်။

အမျိုးသမီးသည် ဘတ် ၆၀,၀၀၀ နီးပါး ဘေလ်မရှင်းနိုင်သည့်အပြင် အိုင်ဒီကတ် အတုဖြင့် ဆိုင်သို့ လာရောက်ခဲ့ကြောင်းနှင့် ယခင်ကလည်း အခြားဆိုင်များ၌ ဘေလ်မရှင်းဘဲ ထွက်ပြေးဖူးသူဖြစ်ကြောင်း ပြောဆိုသည်။

ဆိုင်မန်နေဂျာသည် ရဲထံ မတိုင်ကြားဘဲ ဘေလ်ထဲမှ ဘတ် ၃,၀၀၀ လျှော့ပေးမည်ဟုဆိုကာ ကတုံးတုံးခံရန် သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းပြီး ခေါင်းရုံးပစ်ခဲ့သည်။ ရရှိလာသော ဆံပင်များကိုမူ လှူဒါန်းရန် ဝန်ထမ်းတစ်ဦးထံ ပေးလိုက်သည်ဟု ဆိုသည်။

တွန်အော်က ဆိုင်များတွင် ကုန်ကျစရိတ်ရှိသည်ကို နားလည်သော်လည်း ယခုကဲ့သို့ ပြုမူခြင်းမှာ လွန်ကဲကြောင်း၊ ဖိအားပေးခံရ၍ စာချုပ်လက်မှတ်ထိုးခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ထောက်ပြသည်။ ထို့အပြင် ကာယကံရှင်မှာ အသက်ငယ် ဖြစ်နိုင်သဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအနေဖြင့် စစ်ဆေးပေးရန် တောင်းဆိုထားသည်။

ဆိုင်ဘက်မှ စိတ်တိုဒေါသထွက်၍ ရူးသွပ်စွာ ပြုမူမိခဲ့ကြောင်း ဝန်ခံတောင်းပန်ထားပြီး၊ အမျိုးသမီး၏ မိသားစုနှင့် ဆက်သွယ်ကာ ကူညီရေးလမ်းကြောင်းများ ဆွေးနွေးမည်ဟု ပြောကြားသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘေလ်မရှင်းသည့် ပြဿနာများနှင့် ကြုံတွေ့ရပါက မိမိသဘောဖြင့် ပြစ်ဒဏ်မခတ်ဘဲ ဥပဒေအတိုင်း ရဲစခန်း၌ တိုင်ကြားအရေးယူရန် တိုက်တွန်းထားသည်။

Source;Thaiger