ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေး (NACC) အရာရှိကြီး အရက်မူးလွန်ပြီး ကားမောင်းရာမှ Delivery Rider ကို တိုက်မိကာ သေဆုံးစေခဲ့

ထိုင်းနိုင်ငံ NACC အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးရေးရုံး ညွှန်ကြားရေးမှူးဖြစ်သူ အရာရှိကြီး ဂျာရွန် (Jarong Kroamoh) သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက် ညဉ့်နက်ပိုင်းက အရက်အလွန်အကျွံမူးကာ ကားမောင်းစဉ် အသက် ၄၃ နှစ်အရွယ် အွန်လိုင်း Delivery Rider တစ်ဦးကို ဝင်တိုက်ခဲ့ရာ Rider မှာ လက်ပြတ်ထွက်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းအရာရှိကြီးတွင် သွေးတွင်းအယ်လ်ကိုဟော ၁၈၉ မီလီဂရမ် (189mg) အထိ တွေ့ရှိရပြီး၊ ဥပဒေကန့်သတ်ချက် (၅၀ မီလီဂရမ်) ထက် ၃ ဆမက ကျော်လွန်နေသည်။

တိုက်မိပြီးနောက် ကားဘီးပေါက်သော်လည်း ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး လမ်းသွားလမ်းလာများက ဝိုင်းဖမ်းခဲ့ရသည်။ ၎င်းက “အရာရှိကြီးဖြစ်ပြီး ရဲအရာရှိကြီးတွေကို သိတယ်” ဟု အာဏာပြခဲ့သည့်အပြင်၊ အခြားသူတစ်ဦးနှင့် Driver လူစားလဲရန် ကြံစည်ခဲ့သော်လည်း မျက်မြင်သက်သေများက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။

NACC ဘက်မှ တရားဥပဒေအတိုင်း ပြတ်ပြတ်သားသား စုံစမ်းစစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားပြီး၊ လက်ရှိတွင် တရားခံ ဂျာရွန်ကို ရာထူးတာဝန်များမှ ယာယီရွှေ့ဆိုင်းထားသည်။

ညဉ့်နက်ပိုင်း (အထူးသဖြင့် ၁၁ နာရီနောက်ပိုင်း) လမ်းမများပေါ်တွင် ယခုကဲ့သို့ အရက်မူးလွန်ပြီး မောင်းနှင်သည့် အန္တရာယ်ရှိသော ယာဉ်များ အများဆုံး ရှိတတ်သဖြင့် ညဘက်အလုပ်လုပ်ရသည့် မြန်မာ Rider များအနေဖြင့် လမ်းမပေါ်တွင် အထူးသတိပြု မောင်းနှင်ကြရန်နှင့် မိမိတို့ဆိုင်ကယ်များတွင် ကင်မရာ (Dashcam) တပ်ဆင်ထားခြင်းဖြင့် အမှုအခင်းဖြစ်ပွားပါက ဥပဒေကြောင်းအရ အထောက်အထားခိုင်လုံစေရန် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Source;Bangkok Post