ပတ္တရားလက်နက်မှု- ထိုင်းရေတပ်အရာရှိများအပါအဝင် ၅ ဦးကို တရားစွဲဆို (တရားခံ တရုတ်နိုင်ငံသား အစာငတ်ခံဆန္ဒပြနေ)

အမှတ် (၂) နယ်မြေရဲတပ်ဖွဲ့ ဒုတိယတိုင်းမှူး ရဲချုပ် Chokchai Ngamwong ၏ ပြောကြားချက်အရ သံသယရှိသူ ၅ ဦးလုံးသည် ၎င်းတို့အပေါ် စွဲဆိုထားသည့် ပြစ်မှုများကို ငြင်းဆိုထားပြီး တရားရုံးတွင် အပြစ်မရှိကြောင်း သက်သေပြသွားမည်ဟု ဆိုပါတယ်။

တရားခံ တရုတ်နိုင်ငံသား Sun Mingchen သည် ပတ္တရားရှိ သေနတ်ပစ်ကွင်းတစ်ခုတွင် ပိုင်ရှင် Kachen နှင့် သိကျွမ်းခဲ့ပြီးနောက် M16 ရိုင်ဖယ်များ ဝယ်ယူရန် အကူအညီတောင်းခဲ့ပါတယ်။ ၎င်းမှတစ်ဆင့် ရေတပ်အရာရှိများနှင့် ချိတ်ဆက်ကာ လက်နက်များ ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးချက်အရ တရုတ်နိုင်ငံသားသည် လက်နက်ဖိုးအဖြစ် ဘတ် ၁.၈ သန်း ခန့်ကို ဘဏ်အကောင့်များမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၎င်းတွင် M16 ရိုင်ဖယ်တစ်လက်လျှင် ဘတ် ၂ သိန်းခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့ ၅ ဦးကို လိုင်စင်ထုတ်ပေး၍မရသော စစ်သုံးလက်နက်များကို တရားမဝင် ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှုများဖြင့် တရားစွဲဆိုထားပါတယ်။

တရားခံ Sun Mingchen သည် ကမ္ဘောဒီးယားနိုင်ငံရှိ အထူးတပ်ဖွဲ့ (Bodyguard Headquarters – BHQ) တွင် လက်နက်သင်တန်း ဆင်းခဲ့သည်ဆိုသော ထိုင်းသတင်းများအပေါ် ကမ္ဘောဒီးယားအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ ၎င်းတို့၏ ပြောရေးဆိုခွင့်ရှိသူက ဤစွပ်စွဲချက်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး တရားခံမှာ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း အစိုးရတပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိကြောင်း ဆိုပါတယ်။

တရားခံ Sun Mingchen သည် ပြီးခဲ့သည့်သောကြာနေ့ကတည်းက ဖမ်းဆီးခံထားရပြီး လက်ရှိတွင် အစာငတ်ခံဆန္ဒပြနေကာရေသာသောက်ပြီး မည်သည့်ထွက်ဆိုချက်မျှ မပေးဘဲ ငြင်းဆန်နေပါတယ်။ ရဲတပ်ဖွဲ့က ၎င်းကို ယနေ့ (မေလ ၁၁ ရက်) တွင် ပတ္တရားခရိုင်တရားရုံးသို့ ပို့ဆောင်ကာ နောက်ထပ် ၁၂ ရက်ကြာ ချုပ်မိန့်ရယူရန် ဆောင်ရွက်နေပါတယ်။

Source;Bangkok Post