ဘန်မီမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးတွေ လန်ထွက်ကုန်ပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်နေခဲ့ပါတယ်။
ဗို့အားမြင့် ဓာတ်အားတိုင် စုစုပေါင်း ၇၃ တိုင် လဲကျခဲ့တာကြောင့် ဒေသခံ ၂,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ PEA ဝန်ထမ်းတွေက လမ်းပိတ်နေတဲ့ တိုင်တွေကို အမြန်ဖယ်ရှားပြီး မီးပြန်လည်ရရှိဖို့ ကြိုးစားနေကြပါတယ်။

ကျေးရွာအသီးသီးက နေအိမ် ၁၂၁ လုံး ပျက်စီးခဲ့ပြီး လူဦးရေ ၃၁၉ ဦး မုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။ အိမ်ခြေ ၁၆ လုံးကတော့ အမိုးတွေ လုံးဝပါသွားတာကြောင့် ယာယီတဲတွေနဲ့ နေထိုင်နေရပါတယ်။ ဝပ်ဖဒေါင်းသမ် (Wat Phadungtham) ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦးတော်တော်များများ ပျက်စီးခဲ့သလို၊ ကျောင်းဝင်းအတွင်းရှိ အမိုးခုံးကြီးတစ်ခုလုံးဟာ လေထဲလွင့်ပါသွားပြီး ရွာပြင် မီတာ ၃၀၀ အကွာအထိ ရောက်ရှိသွားခဲ့ပါတယ်။
ဝပ်ဖဒေါင်းသမ် ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး မီးပြတ်တောက်နေတဲ့ ဒေသခံတွေအတွက် စားသောက်ဖွယ်ရာများ စီစဉ်ပေးထားပါတယ်။လော့ဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ လွှတ်တော်အမတ်တွေက ကွင်းဆင်းကြည့်ရှုပြီး ပျက်စီးသွားတဲ့ အိမ်တွေအတွက် ထောက်ပံ့မှုတွေရဖို့ စာရင်းကောက်ယူနေကြပါတယ်။လောလောဆယ်တွင် မိုဘိုင်းမီးစက် (Generators) များ အသုံးပြုပြီး ယာယီလျှပ်စစ်မီး ပေးဝေနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
Source;Thairath
