နခွန်ပထုံ၌ လက်ဖြတ်လိုက်ရသည့် မြန်မာလုပ်သားအတွက် WAG နှင့် FED ညှိနှိုင်းပေး၍ ဘတ် ၃ သိန်းကျော်နှင့် လစာ ၃ လစာ ရရှိ

ထိုင်းနိုင်ငံ၊ နခွန်ပထုံ (Nakhon Pathom) မြို့နယ်၊ ရပ်ကွက် (၄) ရှိ အုန်းသီးစက်ရုံ၌ မတော်တဆ စက်ထဲလက်ဝင်၍ ညာဘက်လက် တံတောင်ဆစ်အထိ ဖြတ်ပစ်လိုက်ရသည့် မြန်မာအလုပ်သမား ကိုစိုးမိုးအောင်အတွက် WAG နှင့် FED အဖွဲ့တို့ သွားရောက်ညှိနှိုင်းပေးခဲ့ရာ စက်ရုံသူဌေးဘက်မှ စာနာထောက်ထားကြေး ဘတ် ၃ သိန်းနှင့် လစာ ၃ လစာအပြင် အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ပါ ပေးအပ်ခဲ့ကြောင်း သိရပါတယ်ဗျာ။

CI အထောက်အထားစာအုပ် ကိုင်ဆောင်ထားပြီး စက်ရုံသက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်သော ကိုစိုးမိုးအောင်သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် ည ၈:၀၀ နာရီခန့်တွင် လုပ်ငန်းခွင်၌ အလုပ်လုပ်နေစဉ် မတော်တဆ စက်ထဲသို့ လက်ဝင်သွားခဲ့သည်။

နခွန်ပထုံ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့ရပြီး ညာဘက်လက်အား တံတောင်ဆစ်နားအထိ ဖြတ်ပစ်ခဲ့ရသည်။ ဆေးရုံ၌ ၅ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရပြီး ကုန်ကျစရိတ်များကို လူမှုဖူလုံရေး ရပိုင်ခွင့် (ပကန်စန်ခွန်) ထံမှ စနစ်တကျ ရှင်းလွှာပေးခဲ့သည်။

ကာယကံရှင်၏ အကူအညီတောင်းခံမှုကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် FED Foundation အဖွဲ့တို့ သွားရောက်ကာ စက်ရုံသူဌေးနှင့် သွားရောက်ညှိနှိုင်းပေးခဲ့သည်။

စက်ရုံသူဌေးဘက်မှ စာနာထောက်ထားသည့်အနေဖြင့် စာနာကြေး ဘတ် ၃၀၀,၀၀၀ ကို အလုပ်သမား၏ ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပေးခဲ့သည့်အပြင် လစာ ၃ လစာ ကိုလည်း ထပ်မံပေးအပ်ခဲ့သည်။

အလုပ်သမားအား အဆိုပါစက်ရုံ၌ ဆက်လက် လုပ်ကိုင်ခွင့်ပေးထားပြီး ပကန်စန်ခွန်မှ ရရှိမည့် မသန်စွမ်းနစ်နာကြေးများကိုလည်း အပြည့်အဝ ပြန်လည်ရရှိသည်အထိ ဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည်။

အဆိုပါ ကိစ္စတွင် စက်ရုံသူဌေးဘက်မှ တာဝန်ယူ စာနာပေးခဲ့သော်လည်း အဆင်ပြေသွားသည့် အလုပ်သမားဘက်မှ ဘဏ်ထဲသို့ ငွေဝင်သွားသည့်နေ့မှစ၍ အကူအညီပေးခဲ့သော WAG အဖွဲ့ထံ အကြောင်းပြန်ကြားခြင်းမရှိတော့ဘဲ စက်ရုံသူဌေးဘက်မှ ပြန်လည်ပြောပြမှသာ အဆင်ပြေသွားကြောင်း သိရှိခဲ့ရသဖြင့် အကူအညီပေးနေသည့် အဖွဲ့အစည်းများအပေါ် အသုံးချခံလိုက်ရသလို ခံစားရကြောင်း WAG အဖွဲ့က ရင်ဖွင့်ထားသည်။

Source;WAG