ပတ္တရား Jomtien Beach ကမ်းခြေတွင် မိုးကြီးပြီးနောက် ရေဆိုးများ ပင်လယ်ထဲသို့ စီးဝင်မှုကြောင့် ဝေဖန်မှုများမြင့်တက်

ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ ပတ္တရားမြို့ရှိ ကမ္ဘာလှည့်ခရီးသွားများပြားရာ Jomtien Beachတွင် ဇူလိုင်လ ၄ ရက် (ယနေ့) မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေနုတ်မြောင်းမှ ပုပ်စော်နံပြီး မည်းမှောင်နေသည့် ရေဆိုးအမြောက်အမြား ပင်လယ်ထဲသို့ တိုက်ရိုက်စီးဝင်ခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများနှင့် ခရီးသွားလုပ်ငန်းပုံရိပ် ထိခိုက်မှုများအတွက် ပြည်သူလူထုအကြား ဝေဖန်မှုများ ပြင်းထန်နေပါတယ်။

ယခုဖြစ်စဉ်သည် ချွန်ပူရီခရိုင် လွှတ်တော်အမတ် Thanatharn Pramoonpong က ကမ်းခြေသို့ ရေဆိုးမည်းများ အရှိန်အဟုန်ဖြင့် စီးဝင်နေသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် တင်ခဲ့ရာမှတစ်ဆင့် လူသိရှင်ကြား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များက ကမ်းခြေရှိ စီယမ်ကော်မာရှယ်ဘဏ်မျက်နှာချင်းဆိုင်၊ ခရီးသွားစပိဘုတ်များ ချရာနေရာ (Tourist Boat Ramp A) သို့ သွားရောက်စစ်ဆေးရာ မိုးတိတ်သွားသဖြင့် ရေစီးဆင်းမှု လျော့ကျသွားသော်လည်း ရေဆိုးမည်းများ ပင်လယ်ထဲ ဆက်လက်စီးဝင်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

ဒေသခံ စပိဘုတ်မောင်းနှင်သူများ၏ ပြောကြားချက်အရ မိုးကြီးတိုင်း ယခုကဲ့သို့ ရေဆိုးမည်းများ စီးဆင်းလာလေ့ရှိပြီး၊ ရေစီးသန်မှုကြောင့် စပိဘုတ်တင်ချသည့် ကွန်ကရစ်လမ်းပိုင်း ရေတိုက်စားကာ ပျက်စီးသွားသဖြင့် လှေ/ဘုတ်များ အတင်အချလုပ်ရန် အလွန်ခက်ခဲနေသည်ဟု ဆိုသည်။ ထို့ကြောင့် ပတ္တရားမြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရေရှည်ဖြေရှင်းချက် ရှာပေးရန် တောင်းဆိုထားကြသည်။

ယနေ့ မိုးသည်းထန်မှုကြောင့် ဂျွန်သီယမ်ကမ်းခြေသာမက ချွန်ပူရီပြည်နယ်၊ စီရာချာ (Si Racha) မြို့နယ်ရှိ ဆောက်လုပ်ဆဲစက်ရုံတစ်ခုတွင်လည်း အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ တံတိုင်းပြိုကျမှုကြောင့် စက်ရုံတွင်းရှိ အမြှုပ်ပလတ်စတစ် (Foam) စွန့်ပစ်ပစ္စည်း အမြောက်အမြားသည် အနီးနားရှိ ရပ်ကွက်များနှင့် ရေနုတ်မြောင်းများအတွင်းသို့ လွင့်စင်မျောပါသွားသဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် ဒေသခံများက အမြန်ဆုံး လာရောက်ရှင်းလင်းပေးရန်နှင့် စက်ရုံကို စစ်ဆေးပေးရန် တောင်းဆိုထားကြပါတယ်။

Source;Khaosod