ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်တွင် တောင်ကျရေများနှင့်အတူ ကျောက်ခဲ၊ မြေကြီးနှင့် ရွှံ့နွံများ ပါလာသည့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုတစ်ခု အောက်တိုဘာ ၂၆ ရက် မနက် ၃:၀၅ နာရီခန့်က ပတောင် (Patong) မြို့၊ နာနိုင်း (Nanai) ဧရိယာသို့ ထိုးဝင်ခဲ့သဖြင့် အိမ်ခြေများ၊ စီးပွားရေးဆိုင်များနှင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ခါအို ၅၀ ပီ (Khao 50 Pi) တောင်ပေါ်မှ စီးဆင်းလာသော ရေစုတ်အရှိန်သည် မက်ခရို နာနိုင်း (Makro Nanai) ဝန်းကျင်ဧရိယာကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး လမ်းမများပေါ်နှင့် လူနေရပ်ကွက်များအတွင်း အမှိုက်သရိုက်များနှင့် ရွှံ့နွံများ ကျန်ရစ်ခဲ့သည်။
ရေကြီးမှုကြောင့် ပတောင်မြို့၊ ကထူး (Kathu) မြို့နယ်ရှိ အိမ်ခြေအချို့၊ အိမ်သုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရသည်။အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းတွင် ရေပြန်ကျသွားပြီးနောက် ဖူးခက်ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် သက်သာရာရရေး ရုံးမှ တာဝန်ရှိသူများသည် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမှိုက်များနှင့် ရွှံ့နွံများကို ရှင်းလင်းရေး စက်ကိရိယာများဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးလျက် ရှိသည်။
ယခင် ရေကြီးမှုများကြောင့် သာလန်း (Thalang)၊ မောင်းဖူးခက် (Mueang Phuket) နှင့် ကထူး မြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး၊ သိပ်ကရာဆတ်ထရီ လမ်းမကြီး (Thepkrasattri Road) အချို့ အစိတ်ပိုင်းများမှာ ယာဉ်ငယ်များ သွားလာ၍ မရတော့ကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက် မနက် ၁ နာရီမှ ၂ နာရီအထိ တိုင်းတာချက်များအရ Ban Na Yai တွင် ၁၁၇ မီလီမီတာ၊ Bang Neaw Dum ရေကန်တွင် ၉၄.၄ မီလီမီတာ၊ ရာဝိုင်း (Rawai) တွင် ၉၃.၂ မီလီမီတာနှင့် Bang Wad ဆည်တွင် ၈၈.၂ မီလီမီတာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ထိုင်းမိုးလေဝသဌာန (TMD) က အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။ တောင်စောင်းဧရိယာများနှင့် မြစ်ချောင်းအနီး နိမ့်ပါးသော နေရာများတွင် လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများအနေဖြင့် အခြေအနေကို စက်ကောက်စောင့်ကြည့်ကြရန်နှင့် အနက်ကို မခန့်မှန်းနိုင်သော ရေကြီးနေသည့် လမ်းကြောင်းများကို ကားမောင်းဖြတ်သန်းခြင်း မပြုကြရန် သတိပေးထားပါတယ်။
Source;The Nation
