ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးမှာ အိမ်မွေးကြောင်တွေကို လိုက်လံခိုးယူပြီး ကြောင်သားအဖြစ် ရောင်းချနေတဲ့ အဓိကမှောင်ခိုဂိုဏ်းကြီးတစ်ခုကို ရဲတပ်ဖွဲ့က အကြီးအကျယ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ပါတယ်။
စီးနင်းမှုအတွင်း ကြောင်အရှင် ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ ရေခဲရိုက်ထားတဲ့ ကြောင်သေ ၈၀ ကျော် အပါအဝင် စုစုပေါင်း ကြောင်အကောင်ရေ ၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကယ်ဆယ်ပြီးနောက် အကောင် ၄၀ ကို ပိုင်ရှင်တွေထံ ပြန်အပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်လုံး ဗီယက်နမ်တောင်ပိုင်းဒေသအနှံ့က ကြောင်တွေကို လိုက်လံထောင်ဖမ်း ခိုးယူခဲ့တဲ့ သံသယရှိသူ ၉ ဦးကို ဖမ်းဆီးထားပါတယ်။ဗီယက်နမ်မှာ ကြောင်သားတစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၇၀,၀၀၀ (ထိုင်းဘတ် ၈၆ ဘတ်ခန့်) နဲ့ မှောင်ခိုရောင်းချနေတာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာ ကြောင်သားစားသုံးမှု တရားဝင်ပေမယ့် ရောင်းချသူတွေမှာ တရားဝင်လိုင်စင် ရှိရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရောဂါဘယ ကူးစက်မှုနဲ့ တိရစ္ဆာန်ညှဉ်းပန်းမှုတွေကြောင့် အာဏာပိုင်တွေက လိုင်စင်မဲ့ မှောင်ခိုဈေးကွက်ကို အလေးထား နှိမ်နင်းနေတာ ဖြစ်ပါတယ်။
Source;Khaosod
