ပြင်သစ်နိုင်ငံ၊ အီဗီယန် (Evian) မြို့တွင် ကျင်းပပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေး ပိတ်ပွဲသတင်းစာရှင်းလင်းပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်စေမည့် အီရန်နိုင်ငံနှင့် သဘောတူညီချက် (ငြိမ်းချမ်းရေးစာချုပ်) ကို မကြာမီ (ကြာသပတေး သို့မဟုတ် သောကြာနေ့တွင်) လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်က “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို မကြာခင်မှာ လက်မှတ်ရေးထိုးသွားမှာပါ။ မနက်ဖြန် (ကြာသပတေး) ဒါမှမဟုတ် နောက်နေ့ (သောကြာ) ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။ ယခင်က ဆွစ်ဇာလန်နိုင်ငံတွင် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ကိုယ်စားလှယ်အဖြစ် သွားရောက်လက်မှတ်ထိုးမည်ဟု ကြေညာထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အီရန်ဘက်က သဘောတူညီချက်ကို ချိုးဖောက်ပြီး စည်းကမ်းမရှိ ပြုမူလာပါက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားရန် အဆင်သင့်ရှိကြောင်း ထရမ့်က ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ “သူတို့ ဗုံးကြဲမခံချင်ဘူး၊ အိုက်တင်အလုပ်မခံချင်ဘူးဆိုရင်တော့ ငြိမ်ငြိမ်သက်သက် နေရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန်အကြား တင်းမာမှုများ ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန်အနေဖြင့် အဆိုပါ သဘောတူညီချက်စာချုပ် မိတ္တူတစ်စောင်ကို အစ္စရေးနိုင်ငံထံ ပေးပို့ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သတင်းထောက်များက သမ္မတကိုယ်တိုင် မသွားဘဲ ဒု-သမ္မတ ဂျေဒီဗန့်စ်ကို စာချုပ်သွားချုပ်ခိုင်းခြင်းမှာ အဆင်မပြေပါက အပြစ်တင်မခံရစေရန် ရှောင်ကွင်းခြင်းလားဟု မေးမြန်းရာတွင် ထရမ့်က ရယ်မောလျက်-
“အဲဒီအိုင်ဒီယာကို ကျွန်တော် သဘောကျတယ်။ အကယ်၍ ဒီစာချုပ်က အောင်မြင်သွားရင် ဂုဏ်ပုဒ် ကို ကျွန်တော်ပဲ ယူမှာဖြစ်ပြီး၊ တကယ်လို့ ပျက်စီးသွားရင်တော့ ဂျေဒီဗန့်စ် ကိုပဲ အပြစ်ပုံချမှာ! ဂျေဒီ ရေ… မင်း သတိထားတော့! အဆင်မပြေရင် လေယာဉ်ကို ချက်ချင်းလှည့်ပြီး ပြန်ပြေးပေတော့!” ဟု အရွှန်းဖောက် ပြောဆိုခဲ့သည်။
သမ္မတ ထရမ့်သည် အီရန်နှင့် ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များကို ရှည်လျားစွာ ပြန်လည်ပြောကြားခဲ့ရာတွင် –
- ၂၀၂၀ ခုနှစ်: အီရန်တော်လှန်ရေးအစောင့်တပ်၏ ပြည်ပစစ်ဆင်ရေးအကြီးအကဲ ကာဆင်မ် ဆိုလေမာနီ (Qassem Soleimani) ကို လုပ်ကြံရန် အမိန့်ပေးခဲ့မှုကို ပြန်လည်ပြောဆိုခဲ့ပြီး၊ ၎င်းကို “ရူးသွပ်တဲ့ ပါရမီရှင်” (Mad genius) ဟု ထပ်ခါတလဲလဲ တင်စားခဲ့သည်။
- ဖေဖော်ဝါရီ ၂၈ ရက်: အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) နှင့် အဆင့်မြင့်အရာရှိကြီးများ မနက်စာ စားနေချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သေဆုံးစေခဲ့မှုကိုလည်း ပြန်လည်အမှတ်ရ ပြောကြားခဲ့သည်။
ထို့အပြင် စစ်ပွဲပထမရက်က အီရန်နိုင်ငံ မီနပ်ဘ် (Minab) ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း သတင်းထောက်များ၏ မေးမြန်းမှုကို ခံခဲ့ရသည်။
Source;Bangkok Post
