ဘန်ကောက်မြို့၊ Ratchaprarop ရထားလမ်းကူးတွင် ယာဉ်ကြောရုတ်တရက် ပိတ်ဆို့သွားမှုကြောင့် မြို့တွင်းဘတ်စ်ကားတစ်စီး ရထားလမ်းပေါ် ပိတ်မိသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ဘန်ကောက်လူထုသယ်ယူပို့ဆောင်ရေးအဖွဲ့ (BMTA) မှ အများပြည်သူသို့ တောင်းပန်ခဲ့ကာ ယာဉ်မောင်းဖြစ်သူအား အရေးယူလိုက်ပါတယ်။
ဇူလိုင် ၂၃ ရက် နံနက် ၁၀:၃၀ နာရီခန့်တွင် ကြုန်းထေပ် အဖိဝတ် (Krung Thep Aphiwat) ဗဟိုဘူတာသို့ မောင်းနှင်လာသည့် လိုင်းနံပါတ် ၂၀၄ လေအေးပေးစက် ဘတ်စ်ကားသည် ရက်ချာပရားရော့ဖ် ရထားလမ်းကူး၌ မီးစိမ်းနေ၍ ပုံမှန်အတိုင်း မောင်းဝင်ခဲ့စဉ် ရှေ့မှ မော်တော်ယာဉ်များ ရုတ်တရက် ရပ်တန့်သွားသဖြင့် ရထားလမ်းပေါ်တွင် သောင်တင်ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်ပေါ်ပါ လက်မှတ်စစ်နှင့် ရထားလမ်းဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယာဉ်ကြောရှင်းလင်းပေးခဲ့သဖြင့် ဘတ်စ်ကားမှာ ရထားလမ်းပေါ်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရထားနှင့် တိုက်မိခြင်း မရှိခဲ့ဘဲထိခိုက်ဒဏ်ရာရရှိသူလည်း မရှိခဲ့ပေ။
BMTA က ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူသို့ တောင်းပန်စကားဆိုထားပြီး၊ GPS မှတ်တမ်းများနှင့် စိစစ်ကာ စည်းကမ်းပျက်ကွက်သည့် ယာဉ်မောင်းအား အဖွဲ့အစည်း၏ စည်းမျဉ်းအတိုင်း အရေးယူဒဏ်ရိုက်ထားကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ရထားလမ်းကူးများအတွင်း မဝင်မီ ရှေ့ယာဉ်ကြော အခြေအနေကို သေချာစွာ စိစစ်ပြီးမှ မောင်းနှင်ကြရန်နှင့် ယာဉ်စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရန် ဘတ်စ်ကားယာဉ်မောင်း အားလုံးကို ညွှန်ကြားထားသည်။
Source;Thaiger
