ဘတ် သန်း ၂၅၀ ခန့် လိမ်လည်ခဲ့သည့် ကိုရီးယား “Lucky Nine” ဂိုဏ်းဝင် ဒုစရိုက်သမား ထိုင်းတွင် ဖမ်းဆီးရမိ

ဘန်ကောက်၊ စက်တင်ဘာ ၄ (၂၀၂၆) – တောင်ကိုရီးယားနိုင်ငံတွင် လူပေါင်း ၁၀၀ ကျော်ထံမှ ဝမ် ၁၀ ဘီလီယံ (ထိုင်းဘတ် သန်း ၂၅၀ ခန့်) လိမ်လည်လှည့်ဖြားခဲ့သည့် “Lucky Nine” ရင်းနှီးမြှုပ်နှံမှု လိမ်လည်ရေး အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရီးယားနိုင်ငံသား မစ္စတာ လင်းမ် (Mr. Lim) အား ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က နွန်သဘူရီခရိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။

အဆိုပါဂိုဏ်းသည် တောင်ကိုရီးယားတွင် စင်တာ ၁၂ ခုဖွင့်လှစ်ကာ ကက်စီနိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပါက ၁ ကြယ်ပွင့်မှ ၇ ကြယ်ပွင့်အထိ အဆင့်သတ်မှတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်၍ ၃% မှ ၂၁% အထိ ကော်မရှင်ပြန်ပေးမည်ဟု Multi-Level Marketing (MLM) စနစ်ဖြင့် မက်လုံးပေး လိမ်လည်ခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိဘဲ နောက်မှဝင်လာသည့် ရင်းနှီးမြှုပ်နှံသူများ၏ ငွေဖြင့် ရှေ့ကလူများကို ပြန်ပေးခြင်းနှင့် အွန်လိုင်းကက်စီနိုများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။

Biometrics အချက်အလက်များအရ မစ္စတာ လင်းမ်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ဗီဇာသက်တမ်း ကုန်ဆုံးခဲ့သည်။ ၎င်းသည် ဗီဇာသက်တမ်း ၂၆၀ ရက်ကျော် (Overstay) လွန်သည်အထိ ပူးကတ် (Phuket) နှင့် နွန်သဘူရီ (Nonthaburi) ရှိ အဆင့်မြင့် ကွန်ဒိုများတွင် ရွှေ့ပြောင်း ပုန်းအောင်းနေခဲ့သည်။

စက်တင်ဘာ ၃ ရက် (၂၀၂၆) တွင် တောင်ကိုရီးယား ရဲတပ်ဖွဲ့၏ အကူအညီတောင်းခံမှုနှင့် အင်တာပို (Interpol) ဝရမ်းများအရ ထိုင်းလဝက ရဲတပ်ဖွဲ့က နွန်သဘူရီရှိ ကွန်ဒိုတစ်ခုတွင် သွားရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးစဉ် ဖုန်း ၃ လုံး၊ ခရီးဒစ်ကတ် ၂ ခုနှင့် တက်ဘလက် (Tablet) ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရှိ အခြားပါဝင်ပတ်သက်သူများကို ဆက်လက် စုံစမ်းနိုင်ရန် ကိုရီးယားအာဏာပိုင်များထံ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

ထိုင်းလဝက ရဲတပ်ဖွဲ့ အကြီးအကဲများက ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဒုစရိုက်သမားများ ပုန်းအောင်းရာနေရာ မဟုတ်ကြောင်းနှင့် တရားဥပဒေအရ အရေးယူပြီးပါက သံသယရှိသူအား တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်လွှဲပြောင်း (Deport) ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

Source;Khaosod