ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဘန်း (Lat Krabang) မြို့နယ်ရှိ ဆောက်လုပ်ရေး စခန်းတစ်ခုတွင် လင်မယား ၂ စုံ ပါဝင်သော မြန်မာလုပ်သား ၄ ဦးသည် ၎င်းတို့၏ တရုတ်အလုပ်ရှင် ၂ ဦးကို ရိုက်နှက်ခဲ့ရာ အလုပ်ရှင် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ၊ လစာငွေ ဘတ် ၅၀,၀၀၀ ခန့်ကို ယူဆောင်၍ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျက် ရှိပါတယ်။
အောက်တိုဘာ ၂၇ ရက် (အင်္ဂါနေ့) ညပိုင်းတွင် အသက် ၃၉ နှစ်အရွယ် တရုတ်အလုပ်ရှင် Yang Zhongxu မှာ ဦးခေါင်းနှင့် မျက်နှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး၊ အသက် ၄၉ နှစ်အရွယ် အခြား တရုတ်အမျိုးသား တစ်ဦးမှာလည်း ဦးခေါင်းနှင့် ကျောကုန်းတွင် ဓားထိုးဒဏ်ရာ ရရှိခဲ့သဖြင့် အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
တရုတ်အလုပ်ရှင်များသည် မြန်မာလုပ်သား ၆၀ ကျော်အား လစာငွေ လာရောက်ထုတ်ပေးစဉ် အဆိုပါ မြန်မာလင်မယား ၂ စုံအား အလုပ်လက်ရာ မကောင်းဟုဆိုကာ ဆူပူခဲ့သည်။ ထို့ကြောင့် အလုပ်မှ ချက်ချင်း နှုတ်ထွက်မည်ဟု ဆိုရာတွင် ကြိုတင် အသိမပေးဟုဆိုကာ အလုပ်ရှင်က လစာထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြင့် ဒေါသထွက်ကာ သံချောင်း၊ ဓားတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာလုပ်သား ၄ ဦးသည် လစာငွေ ဘတ် ၄၀,၀၀၀ မှ ၅၀,၀၀၀ ခန့်ကို ယူဆောင်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးလျက်ရှိပြီး သံသယရှိသူ ၄ ဦးအနက် အသက် ၂၅ နှစ်အရွယ် စိုးထိုက်အောင် (Soe Htike Aung) အမည်ရှိ မြန်မာလုပ်သားတစ်ဦးအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ထားရှိပြီး ဖြစ်ပါတယ်။
Source;Bangkok Post
