ဘန်ကောက် BTS ပေါ်၌ ဆူညံသည့် အီတလီ ခရီးသွားများအား ထိုင်းအမျိုးသမီး ဆူပူကြိမ်းမောင်းသည့် ရုပ်သံ ပြန့်နှံ့

ဘန်ကောက်၊ ဇူလိုင် ၂၅ ၊၂၀၂၆ တွင် ဘန်ကောက် BTS စကိုင်ထရန်း ရထားပေါ်တွင် အော်ဟစ်ဆူပူနေသည့် အီတလီ လူငယ်ခရီးသွားအုပ်စုအား ထိုင်းအမျိုးသမီးတစ်ဦးက သွားရောက်သတိပေးခဲ့ရာမှ အချေအတင် ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင်သည် TikTok ပေါ်တွင် Viral ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်၌ ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

ဇူလိုင် ၂၄ ရက် (သောကြာနေ့) က BTS ရထားတွဲအတွင်း အီတလီ လူငယ်တစ်စုသည် အချင်းချင်း အော်ဟစ်စကားပြောနေကြသဖြင့် ထိုင်းအမျိုးသမီးတစ်ဦးက “မင်းတို့ ဘာနိုင်ငံကလဲ၊ ထိုင်းမှာတော့ ရထားပေါ် အခုလို အော်ဟစ်တာမျိုး မလုပ်ကြဘူး” ဟု သွားရောက်သတိပေးရာမှ အချင်းချင်း အချေအတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အီတလီလူငယ်များဘက်က ဆဲဆိုဆဲရေးကာ ရန်လိုသည့်ပုံစံဖြင့် တုံ့ပြန်လာသဖြင့် ထိုင်းအမျိုးသမီးကပါ စိတ်မထိန်းနိုင်ဘဲ ရိုင်းစိုင်းသည့် စကားလုံးဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ယင်းနောက် လူငယ်များထဲမှ တစ်ဦးက လက်ခလယ်ထောင်ပြခဲ့ပြီး “မင်းတို့နိုင်ငံကို ပိုက်ဆံလာသုံးပေးတာ တောင်းပန်ပါတယ်ကွာ” (Sorry for bringing money to your country) ဟု ရေရွတ်လှောင်ပြောင်ခဲ့ကြသည်။
အမျိုးသမီးက ဧည့်သည်အဖြစ် လာရောက်ပါက အများပိုင်သယ်ယူပို့ဆောင်ရေးတွင် ဒေသခံတို့၏ အလေ့အထကို လေးစားသင့်ကြောင်း ဆက်လက်ရှင်းပြခဲ့သော်လည်း ယင်းလူငယ်အုပ်စုသည် ရုပ်သံရိုက်ကူးသူကိုပါ ဆဲဆိုပြီး ရထားပေါ်မှ ဆင်းမသွားမီ လက်ခုပ်တီး၍ အောင်ပွဲခံသည့်ပုံစံ ပြုလုပ်သွားခဲ့ကြသည်။
ရုပ်သံဖိုင် ပံ့ပိုးပျံ့နှံ့သွားပြီးနောက် ထိုင်း အင်တာနက်အသုံးပြုသူအများအပြားသည် ဘန်ကောက်ရှိ အီတလီသံရုံး၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ သို့ သွားရောက်ကာ အဆိုပါခရီးသွားများ၏ စည်းကမ်းမဲ့ပြုမူပုံနှင့် “ပိုက်ဆံလာသုံးပေးတာ” ဆိုသည့် မောက်မာသော စကားလုံးများအပေါ် လာရောက်ကန့်ကွက် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
အများစုက အများပိုင်နေရာများတွင် စည်းကမ်းမရှိသည့် ခရီးသွားများကို သတ္တိရှိရှိ သတိပေးသည့် အမျိုးသမီးအား ထောက်ခံကြသော်လည်း အချို့ကမူ အကဲဆတ်သည့် လူငယ်များနှင့် အောက်လုံးသုံး၍ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားသင့်ကြောင်း အကြံပြုထားကြသည်။

Source;Bangkok Post