ဘန်ကောက်သို့ တစ်ဦးတည်း ခရီးထွက်လာစဉ် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ဖုန်း IP Address မှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပေါ်ထွက်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် တရုတ် ဂီတဆရာ ဝမ်ချီ (Wang Qi) သည် ရှန်ဟိုင်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း တရုတ်သံရုံးက အတည်ပြုလိုက်ပါတယ်။
မစ္စတာ ဝမ်ချီသည် စက်တင်ဘာ ၂၄ ရက်တွင် ရှန်ဟိုင်းမှ ဘန်ကောက်သို့ ခရီးစဉ် အကြောင်းရင်းအား မိသားစုအား အသိမပေးဘဲ တစ်ဦးတည်း ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၅ ရက်အထိ WeChat မှတစ်ဆင့် မိသားစုနှင့် ဆက်သွယ်ခဲ့သော်လည်း ယင်းနေ့ ညနေပိုင်းတွင် ဖုန်းပိတ်သွားခဲ့သည်။ စက်တင်ဘာ ၂၇ ရက်တွင် Douyin အကောင့်မှတစ်ဆင့် မိခင်နှင့် မိတ်ဆွေများထံ စာပို့ရန် ကြိုးစားခဲ့သော်လည်း ထပ်မံ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
မိသားစု၏ ပြောကြားချက်အရ ဝမ်ချီ ပျောက်ဆုံးနေစဉ်အတွင်း ၎င်း၏ ဖုန်း IP Address မှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂ ကြိမ်တိုင်တိုင် ပေါ်ထွက်ခဲ့သဖြင့် ကျားဖြန့် (Online Scam) လုပ်ငန်းများသို့ လိမ်လည် ခေါ်ဆောင်ခံရခြင်း ဟုတ်၊ မဟုတ် တရုတ်မီဒီယာများနှင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။
တရုတ်သံရုံး၏ မေတ္တာရပ်ခံမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့တွင် ဝမ်ချီ ရှန်ဟိုင်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် ခရီးစဉ်အတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ သံရုံးက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ဖြစ်စဉ်အပြီးတွင် တရုတ်သံရုံးက လစာကောင်းမွန်သည့် အလုပ်အကိုင် ကမ်းလှမ်းချက်များ သို့မဟုတ် စီးပွားရေး ဖိတ်ခေါ်မှုများကို တရားဝင်မဟုတ်သော လမ်းကြောင်းများမှတစ်ဆင့် လက်ခံရရှိပါက အထူးဂရုပြုရန်၊ ဖိတ်ခေါ်သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာ စိစစ်ရန်နှင့် သူစိမ်းများ၏ ယာဉ်များပေါ်သို့ လိုက်ပါစီးနင်းခြင်း မပြုကြရန် သတိပေးချက် ထုတ်ပြန်ထားပါသည်။
Source;Khaosod
