ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒွန်မောင်း (Don Mueang) မြို့နယ်ရှိ လမ်းမပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရပ်ထားခဲ့ရသည့် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ် (EV) တစ်စီးသည် စက်တင်ဘာ ၃၀ ရက် နံနက်စောစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားကာ တစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၃၀ ရက် နံနက် ၀၀:၂၅ နာရီခန့်တွင် ဒွန်မောင်းရဲစခန်းသို့ သတင်းပေးပို့ချက်အရ ဘန်းခေန် (Bang Khen) နှင့် ဒွန်မောင်း မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။ ဖြစ်စဉ်မှာ ဝိဘာဝဒီ ရန်းစစ် ၇၂ သွယ်လမ်း (Soi Vibhavadi Rangsit 72) အနီး လမ်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးသတ်တပ်ဖွဲ့ဝင်များက မိနစ် ၂၀ ခန့် ကြိုးပမ်းငြှိမ်းသတ်ခဲ့ရပြီး ဘန်ကောက်လိုင်စင်နံပါတ်တပ် အဖြူရောင် လျှပ်စစ်ကားမှာ တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့သည်။ ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှု မရှိခဲ့ပါ။
အဆိုပါ ဧရိယာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့သဖြင့် ယာဉ်များ သွားလာရန် ခက်ခဲခဲ့ပြီး ကားအများအပြားမှာ လမ်းဘေးတွင် ရပ်တန့်ထားခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
သက်ဆိုင်ရာ အာဏာပိုင်များက ယာဉ်ပိုင်ရှင်အား ဆက်သွယ်ရှာဖွေလျက်ရှိပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။
Source;Khaosod
