ဘန်ကောက်တွင် Pitbull ခွေးကိုက်၍ ပိုင်ရှင်အမျိုးသမီး သေဆုံး


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊Bueng Kumမြို့နယ်၊ Nawamin ဧရိယာရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၉ ရက် မနေ့ညနေပိုင်းက အသက် ၇၀ အရွယ် ယာဉ်ပိုင်ရှင် အမျိုးသမီးတစ်ဦးအား ၎င်းမွေးမြူထားသည့် ပစ်ဘူလ် (Pitbull) အမျိုးအစား ခွေးကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၉ ရက် ညနေ ၆:၃၀ နာရီခန့်တွင် လတ်ဖရောက် (Lat Phrao) ရဲစခန်းသို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ အသက် ၇၀ အရွယ် ဒေါ်ဝမ်ဒီ (Wandee) ဖြစ်ပြီး၊ လည်ပင်း၊ မျက်နှာနှင့် လက်မောင်းတို့တွင် စူးရှသည့် ကိုက်ခဲဒဏ်ရာများစွာဖြင့် သွေးအိုင်ထဲ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
“Giant” အမည်ရှိ အသက် ၇ နှစ်အရွယ် အညိုရောင် ပစ်ဘူလ်ခွေးမှာ ဒေါသထွက်နေပြီး အိမ်ထဲတွင် သွားလာနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ချက်ချင်း အိမ်ထဲမဝင်နိုင်ဘဲ အပြင်မှ ၃ နာရီနီးပါး စောင့်ဆိုင်းခဲ့ရသည်။ နောက်ပိုင်းတွင်မှ အထူးကျွမ်းကျင်သူများက ခွေးအား လှောင်အိမ်အတွင်း သော့ခတ်ပိတ်လှောင်နိုင်ခဲ့ကြသည်။

ဒေါ်ဝမ်ဒီသည် ခွေးများကို မွေးမြူရန်အတွက် အဆိုပါ အိမ်အား သီးသန့်ငှားရမ်းထားခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ဒေါ်ဝမ်ဒီနှင့် အိမ်ဖော်အမျိုးသမီးတို့သည် ခွေးအား ရေချိုးပေးပြီးနောက် လည်ပတ် (Collar) တပ်ဆင်ပေးရန် ကြိုးပမ်းစဉ် ခွေးက ရုတ်တရက် အကြမ်းဖက် ကိုက်ခဲခဲ့ခြင်း ဖြစ်သည်။ အိမ်ဖော်မှာ ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ဒေါ်ဝမ်ဒီမှာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
အဆိုပါ “Giant” အမည်ရှိ ခွေးမှာ လွန်ခဲ့သော ၂၀၂၁ ခုနှစ် (ဧပြီလ) ကလည်း ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဘန်းလမုန်း (Bang Lamung) ၌ ၎င်း၏ ယခင်ပိုင်ရှင် အသက် ၅၆ နှစ်အရွယ် အမျိုးသားအား ကိုက်သတ်ခဲ့ဖူးသည့် သမိုင်းကြောင်း ရှိခဲ့သည်။

ယခင်ဖြစ်စဉ်အပြီးတွင် ခွေးအား သုတ်သင် (Euthanise) ခံရမည်ကို စိုးရိမ်သဖြင့် သနားကရုဏာစိတ်ဖြင့် ဒေါ်ဝမ်ဒီက ဆက်လက် မွေးမြူခဲ့ခြင်း ဖြစ်သော်လည်း၊ အဆုံးသတ်တွင် မိမိကိုယ်တိုင် ဒုတိယမြောက် သားကောင် ဖြစ်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ဒေါ်ဝမ်ဒီ၏ ရုပ်အလောင်းအား မှုခင်းဆေးပညာဌာနသို့ စစ်ဆေးရန် ပို့ဆောင်ထားပြီး၊ အဆိုပါ ပစ်ဘူလ်ခွေးအား သက်ဆိုင်ရာ သားငှက်နှင့် တိရစ္ဆာန် ထိန်းသိမ်းရေး ဂေဟာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း သိရသည်။


Source;Thaiger