ဘန်ကောက်မြို့၊ လတ်ဖယောင်း စားသောက်ဆိုင် မီးလောင်မှုတွင်ဇနီးသည်ကို အပြင်တွန်းထုတ်ပြီး သူငယ်ချင်းကို ကယ်ရန် မီးထဲပြန်ဝင်သွားသည့် တပ်ကြပ်ကြီး ဖိဆနု ကွယ်လွန်

ဘန်ကောက်မြို့၊ လတ်ဖယောင်း စားသောက်ဆိုင် မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ၂၇ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် တပ်ကြပ်ကြီး ဖိဆနု (Corporal Phitsanu Taengsopha) ၏ နောက်ဆုံးဖြစ်စဉ်ကို မိသားစုဝင်များက ဖွင့်ဟလာရာတွင် ၎င်းသည် မီးလောင်ချိန်၌ ဇနီးဖြစ်သူကို အဆောက်အအုံအပြင်ဘက်သို့ ဘေးကင်းအောင် တွန်းထုတ်ပေးခဲ့ပြီးနောက်၊ ဆိုင်ထဲတွင် ပိတ်မိနေသည့် သူငယ်ချင်းများကို ကယ်တင်ရန် မီးတောက်များအတွင်းသို့ ပြန်လည်ဝင်ရောက်သွားရာမှ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တစ်ရွာလုံး စိတ်မကောင်းဖြစ်ရပါတယ်။

Suphanburi ပြည်နယ်၊ Sam Chuk ခရိုင်ဇာတိဖြစ်သူ တပ်ကြပ်ကြီး ဖိဆနုသည် ပုံမှန်အားဖြင့် အပြင်မထွက်တတ်သူဖြစ်သော်လည်း၊ အခင်းဖြစ်ပွားသည့်နေ့က ၎င်း၏ ၃ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ဆင်နွှဲရန် ဇနီးနှင့် သူငယ်ချင်းများကို ခေါ်ဆောင်၍ အဆိုပါ နာမည်ကြီးစားသောက်ဆိုင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

မီးစတင်လောင်ကျွမ်းချိန်တွင် ဖိဆနုသည် ဇနီးသည်ကို အဆောက်အအုံပြင်ပသို့ ရောက်အောင် အတင်းတွန်းထုတ် ကယ်တင်ပေးခဲ့သည်။ ထို့နောက် ဆိုင်ထဲ၌ ပိတ်မိကျန်ရစ်သည့် သူငယ်ချင်းများကို ကယ်ထုတ်ရန် မီးခိုးလုံးများကြားထဲသို့ ပြန်လည်ပြေးဝင်သွားခဲ့ရာမှ အပြင်သို့ ပြန်မထွက်နိုင်တော့ဘဲ အခင်းဖြစ်နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရသည်။

ဖိဆနု၏ မိခင်ဖြစ်သူမှာ တစ်နှစ်မပြည့်သေးသည့် အချိန်ကာလအတွင်း မိသားစုဝင် ၃ ဦးအထိ ဆက်တိုက်ကွယ်လွန်ခဲ့မှုကို ကြုံတွေ့ထားရသူဖြစ်ရာ၊ ယခု သားဖြစ်သူ၏ ရုတ်တရက် ဆုံးရှုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ထိခိုက်ပူဆွေးနေရရှာသည်။

လက်ရှိတွင် ဖိဆနု၏ ဆမ်ချုပ်ခရိုင်ရှိ နေအိမ်၌ ဆွေမျိုးများနှင့် ရွာခံများက ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်လာပြီး ရိုးရာဓလေ့အတိုင်း နာရေးအခမ်းအနား ပြုလုပ်ရန် ဝမ်းနည်းပူဆွေးစွာဖြင့် စောင့်ကြိုနေကြသည်။ မိသားစုဝင်များ၏ အဆိုအရ ၎င်းသည် စိတ်သဘောထားကောင်းမွန်ပြီး သူတစ်ပါးကို ကူညီတတ်သူဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးက နှမြောတသ ဖြစ်နေကြရသည်။

Source;Thairath