ဥရောပတွင် စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် တစ်ပတ်အတွင်း လူပေါင်း ၁၀,၀၀၀ ကျော် ပုံမှန်ထက်ပိုမိုသေဆုံးခဲ့ရ

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက ဥရောပအနောက်ဘက်ခြမ်းတွင် ဆိုးရွားစွာဖြစ်ပွားခဲ့သည့် စံချိန်တင် အပူလှိုင်း (Heatwave) ပြင်းထန်မှုကြောင့် ဥရောပ ၂၇ နိုင်ငံတွင် တစ်ပတ်အတွင်း ပုံမှန်ထက်ပိုမိုသော သေဆုံးမှု (Excess deaths) ၁၀,၆၅၀ ဦး အထိ ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရပါတယ်။

ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ အပူချိန် အထူးမြင့်မားခဲ့သည့် သီတင်းပတ်အတွင်း သေဆုံးမှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ဥရောပရောဂါကာကွယ်ရေးဗဟိုဌာနတို့ ပံ့ပိုးထားသည့် EuroMOMO ကွန်ရက်က ပြုစုခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအနက် ၉,၀၀၀ ကျော်မှာ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

အပူချိန်လွန်ကဲမှုသည် ပြင်းထန်သောအပူလျှပ်ခြင်း ကို ဖြစ်စေရုံသာမက နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံများကို ပိုမိုဆိုးရွားစေသဖြင့် သက်ကြီးရွယ်အိုများတွင် သေဆုံးနှုန်း မြင့်တက်ခဲ့ရခြင်းဖြစ်သည်။ ၎င်းကာလအတွင်း ကိုဗစ်-၁၉ ကဲ့သို့ အခြားသောကူးစက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွားမှုမျိုး မရှိခဲ့သဖြင့် ဤသေဆုံးမှုများမှာ အပူလှိုင်းကြောင့်သာ ဖြစ်နိုင်ကြောင်း သုတေသီများက အတည်ပြုသည်။

EuroMOMO သည် နိုင်ငံအလိုက် သေဆုံးမှုစာရင်း အသေးစိတ်ကို သီးခြားထုတ်ပြန်လေ့မရှိသော်လည်း ဇွန်လနောက်ဆုံးပတ်တွင် ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် သေဆုံးမှုနှုန်း “အလွန်မြင့်မား” (Very high excess mortality) သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ အထူးသဖြင့် ဘယ်လ်ဂျီယံနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် စစ်တမ်းကောက်ယူချိန်မှစ၍ အပူလှိုင်းကြောင့် သေဆုံးမှု အမြင့်မားဆုံးစံချိန် ဖြစ်ခဲ့သည်။

သိပ္ပံပညာရှင်များ၏ သုံးသပ်ချက်အရ ယခုဇွန်လနှောင်းပိုင်းက ကြုံတွေ့ခဲ့ရသည့် အပူလှိုင်းသည် လူသားတို့ကြောင့်ဖြစ်ရသည့် ကမ္ဘာကြီးပူနွေးလာမှု (Climate change) သာမရှိလျှင် ဖြစ်လာရန် “လုံးဝမဖြစ်နိုင်သလောက်” ပင်ဖြစ်ပြီး၊ နောင်တွင်လည်း အပူလှိုင်းများ ပိုမိုမကြာခဏနှင့် ပြင်းထန်စွာ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

သီးခြားလေ့လာမှုတစ်ခုအရ မေလနှင့် ဇွန်လအတွင်း အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် အပူဒဏ်ကြောင့် လူ ၂,၇၀၀ ခန့် သေဆုံးခဲ့ပြီး၊ ယင်းသေဆုံးမှုများ၏ ၄၂ ရာခိုင်နှုန်းမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာရသည့် ပိုလျှံအပူဒဏ်ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

Source;The Nation