ဘန်ကောက် ဆိုင်ယမ် ကောင်းကင်တံတားပေါ်၌ ကျောင်းသားများ ရိုက်နှက်ကြ၍ ၄ ဦး ဒဏ်ရာရ၊ ၈ ဦး ဖမ်းဆီးခံရ

ဘန်ကောက်မြို့၊ ပထုမ်ဝမ် (Pathumwan) ခရိုင်ရှိ OneSiam Skywalk ကောင်းကင်တံတားပေါ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြိုင်ဘက် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားအုပ်စုများ အပြန်အလှန် ရိုက်နှက်ခဲ့ကြသဖြင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဩဂုတ် ၂၈ ရက် နံနက် ၇:၅၀ နာရီခန့်တွင် လူသွားလူလာ များပြားသည့် ဆိုင်ယမ် ကောင်းကင်တံတားပေါ်၌ ရန်ဘက် နည်းပညာကျောင်းသား အုပ်စုနှစ်ခုအကြား အုပ်စုလိုက် ရိုက်နှက်မှု စတင်ဖြစ်ပွားခဲ့ရာ အနီးနားရှိ လမ်းသွားလမ်းလာများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

ပထုမ်ဝမ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာပြီး အဓိက ပါဝင်သူ ကျောင်းသား ၈ ဦးကို အခင်းဖြစ်ပွားရာ နေရာ၌ပင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အုပ်စုလိုက် ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၄ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးသူနာပြုစုပေးခဲ့ပြီးနောက် ဟာချီယို (Hua Chiew) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။

ဖမ်းဆီးရမိသည့် ကျောင်းသား ၈ ဦးလုံးကို ပထုမ်ဝမ် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို စစ်ဆေးမေးမြန်းလျက်ရှိကာ ဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source;Bangkok Post