ထိုင်းနိုင်ငံ၊ ယသောထွန် (Yasothon) ခရိုင်တွင် ထီရောင်းချသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မရောင်းရဘဲ ကျန်ရစ်ခဲ့သော ထီလက်မှတ် ၁၀ စောင်ကြောင့် အောက်တိုဘာ ၁ ရက်နေ့ ထွက်ရှိခဲ့သည့် ထိုင်းအစိုးရ ထီဖွင့်ပွဲတွင် ပထမဆု ဘတ် သန်း ၆၀ (အမေရိကန်ဒေါ်လာ ၁.၈ သန်းခန့်) ဆွတ်ခူးသွားခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁ ရက် ထီဖွင့်ပွဲတွင် ပထမဆု ထွက်ရှိခဲ့သည့် ဂဏန်းမှာ 402701 ဖြစ်ပြီး၊ အဆိုပါ ထီရောင်းချသူ လက်ဝယ်တွင် အဆိုပါ ဂဏန်းတူ ထီလက်မှတ် ၁၀ စောင်လုံး ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် အဆိုပါ ထီသည်မှာ လေယီ (Loei) ခရိုင်၊ ဝမ်စာဖောင် (Wang Saphung) မြို့နယ်မှ လာရောက်၍ ယသောထွန်ခရိုင်တွင် ထီလှည့်လည် ရောင်းချသူတစ်ဦးဖြစ်ပြီး သတင်းမီဒီယာများသို့ ၎င်း၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ပထမဆု ပေါက်ကြောင်း သိရှိရပြီးနောက် ၎င်းသည် မောင်းယသောထွန် (Mueang Yasothon) ရဲစခန်းသို့ သွားရောက်ကာ ပိုင်ဆိုင်မှု သက်သေအဖြစ်နှင့် နောင်တွင် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်အတွက် ထီလက်မှတ် အသေးစိတ်များကို ရဲမှတ်တမ်း (Daily police log) ၌ သွားရောက် ရေးထိုးခဲ့သည်။
ထိုင်းအစိုးရ ထီစနစ်အရ ပထမဆု ၁ စောင်လျှင် ဘတ် ၆ သန်း ရရှိမည်ဖြစ်ရာ ၁၀ စောင်တွဲ ပေါက်သည့်အတွက် စုစုပေါင်း ဘတ် သန်း ၆၀ ရရှိမည်ဖြစ်သည်။
ထိုင်းအစိုးရ ထီထုတ်ယူရာတွင် ၀.၅ ရာခိုင်နှုန်း (ဘတ် ၂၀၀ လျှင် ၁ ဘတ်နှုန်း) သာ အခွန်/စရိတ် ဖြတ်တောက်မည်ဖြစ်သဖြင့် စုစုပေါင်း ဘတ် ၃၀၀,၀၀၀ ခန့် နှုတ်ယူပြီးနောက် ကံထူးရှင်အနေဖြင့် သန့်သန့် ၅၉.၇ သန်းခန့် လက်ဝယ် ရရှိမည်ဖြစ်သည်။
ကံထူးရှင်များအနေဖြင့် နွန်းထဘူရီ (Nonthaburi) ရှိ အစိုးရ ထီဦးစီးဌာန သို့မဟုတ် တရားဝင် ကိုယ်စားလှယ်များထံမှ ထီဖွင့်သည့်နေ့မှစ၍ ၂ နှစ်အတွင်း ဆုကြေးငွေ ထုတ်ယူနိုင်သည်။
အောက်တိုဘာ ၁ ရက် ထီဖွင့်ပွဲတွင် Krungthai ဘဏ်၏ Paotang Application မှတစ်ဆင့် ရောင်းချခဲ့သော ဒီဂျစ်တယ် ထီလက်မှတ် (Digital Lottery) စုစုပေါင်း ၃၁ စောင် ပထမဆု ပေါက်ကွဲခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဘတ် ၁၈၆ သန်းအထိ ရှိခဲ့သည်။
ဒီဂျစ်တယ် ထီကံထူးရှင်များအနက် တစ်ဦးတည်းမှ ပထမဆု ၇ စောင်အထိ ဆွတ်ခူးနိုင်ခဲ့သူ ရှိခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်မှာ ဘတ် ၄၂ သန်း ပိုင်ဆိုင်သွားခဲ့သည်။
Source;Thaiger
