ရေကြီးစဉ် ကားကို ပလတ်စတစ်စွပ်ထားပါက မှိုတက်ခြင်းနှင့် ရေပေါ်မျောပါခြင်း ဖြစ်နိုင်ဟု သုတေသနပညာရှင် သတိပေး

ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် မော်တော်ယာဉ်များအား လေလုံ အိတ်ကြီးများ၊ ပလတ်စတစ်များဖြင့် ပတ်ထုပ်ခြင်းသည် ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သော်လည်း ရေရှည်တွင် ကားအတွင်း မှို (Mould) တက်ခြင်းနှင့် ရေထဲသို့ လေလွင့်မျောပါသွားခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း စုဠာလင်္ကကရ်တက္ကသိုလ် (Chulalongkorn University) မှ ပါမောက္ခ ဒေါက်တာ ဂျက်ဆာဒါ (Jessada Denduangboripant) က အောက်တိုဘာ ၁ ရက်နေ့တွင် သတိပေးလိုက်ပါတယ်။

မော်တော်ယာဉ်များအား ပလတ်စတစ်ဖြင့် ရေရှည် လေလုံအောင် ထုပ်ပိုးထားပါက အထဲတွင် ပိတ်မိနေသည့် အစိုဓာတ်နှင့် လေဝင်လေထွက် မရှိမှုတို့ကြောင့် ထိုင်ခုံများ၊ စတီယာရင်များနှင့် ထိုင်ခုံစွပ်များပေါ်တွင် မှိုများ ပေါက်ပွားလာတတ်သည်။ (၂၀၁၁ ထိုင်းနိုင်ငံ ရေကြီးစဉ်ကလည်း အလားတူ ပလတ်စတစ်စွပ်ထားသည့် ကားများ အထဲတွင် မှိုတက်ခဲ့သည့် အတွေ့အကြုံများ ရှိခဲ့သည်)။

ကားသည် လေးလံသော်လည်း လေလုံ ပလတ်စတစ်အိတ် အပြည့်စွပ်ထားပါက အိတ်အတွင်းရှိ လေထုကြောင့် ရေတက်လာချိန်တွင် ရေပေါ်သို့ ပေါလော့ပေါ်ကာ ရေစီးနှင့်အတူ မျောပါသွားနိုင်သည်။ ထိုသို့ မျောပါရာမှ အခြားအဆောက်အအုံ သို့မဟုတ် စက်ပစ္စည်းများနှင့် တိုက်မိပါက ပလတ်စတစ် စုတ်ပြဲကာ ရေဝင်ရောက်ပျက်စီးနိုင် သည့်အပြင် အခြားယာဉ်များကိုပါ ထိခိုက်စေနိုင်သည်။

အချိန်ရပါက ကားအား ရေမမြုပ်နိုင်သည့် မြင့်မားသော နေရာများသို့ ပြောင်းရွှေ့ထားခြင်းမှာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။အခြားရွေးချယ်စရာမရှိဘဲ ပလတ်စတစ်စွပ် စနစ်ကို အသုံးပြုရပါက မိမိ၏ ပုဂ္ဂလိကပိုင် ဝင်းအတွင်း၌သာ စွပ်ထားသင့်ပြီး ရေစီးနှင့် မျောမသွားစေရန် ခိုင်ခံ့စွာ ချည်နှောင်ထားရမည်။ကားအတွင်း အစိုဓာတ်နည်းပါးပြီး မှိုမတက်စေရန် အစိုဓာတ်စုတ်ယူသည့် ပစ္စည်း/ဘူးများ (Moisture absorbers) ကို ကားထဲတွင် ထည့်သွင်းထားပေးသင့်သည်။

Source;Thaiger