ခြေထောက် မသန်စွမ်းသည့် ဖခင်ဖြစ်သူအား ဆေးရုံသို့ လာရောက်ခေါ်ဆောင်စဉ် မသန်စွမ်း သီးသန့် ကားရပ်နားရန်နေရာ၌ ရပ်တန့်ခဲ့သည့် ကားအား လုံခြုံရေးဝန်ထမ်းမှ ဘီးသော့ခတ် (Wheel-locked) ခဲ့သည့် ဖြစ်စဉ် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ချွန်ဘူရီ ဆေးရုံကြီး (Chonburi Hospital) က အဆိုပါ နေရာမှာ ဆေးရုံပိုင် နယ်မြေမဟုတ်ကြောင်း တရားဝင် ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်ဗျာ။
မသန်စွမ်း ဖခင်ဖြစ်သူအား ဆေးရုံမှ လာရောက်ခေါ်ဆောင်သည့် အမျိုးသားတစ်ဦး၏ မော်တော်ယာဉ်အား လုံခြုံရေး ဝန်ထမ်းက ဘီးသော့ခတ်လိုက်သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး အများပြည်သူအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
စက်တင်ဘာ ၁၇ ရက်နေ့တွင် ချွန်ဘူရီ ဆေးရုံကြီးမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ ကားရပ်နားရန်နေရာသည် ဆေးရုံကြီးပိုင် နေရာမဟုတ်ဘဲ ပုဂ္ဂလိက ဆေးရုံဖောင်ဒေးရှင်းတစ်ခုမှ စီမံခန့်ခွဲသည့် ကားရပ်နားရန်နေရာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
အဆိုပါ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များသည် လက်ရှိ ဆေးရုံဝန်ထမ်းများ မဟုတ်ကြဘဲ၊ ဆေးရုံကြီးအနေဖြင့် အဆိုပါ ပုဂ္ဂလိကပိုင် ဧရိယာအား စီမံခန့်ခွဲပိုင်ခွင့် သို့မဟုတ် ပါဝင်ပတ်သက်ပိုင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။
ချွန်ဘူရီ ဆေးရုံကြီးအနေဖြင့် ဆေးရုံအဝင်ဝတွင် မသန်စွမ်းသူများအတွက် ကားရပ်နားရန် သီးသန့်နေရာများ သတ်မှတ်ပေးထားပြီး၊ မသန်စွမ်း လူနာများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန် လုံခြုံရေး ဝန်ထမ်းများဖြင့် ကူညီစောင့်ရှောက်ပေးလျက် ရှိသည်။
ဖြစ်စဉ်မှာ ဆေးရုံပိုင်နက်အတွင်း မဟုတ်သော်လည်း ဆေးရုံကြီးအနေဖြင့် အဆိုပါ မြေပိုင်ရှင် ဖောင်ဒေးရှင်းနှင့် ဆက်သွယ်ကာ နောင်တွင် ယခုကဲ့သို့ စိတ်မကောင်းစရာ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန်အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆေးရုံကြီးအနေဖြင့် မသန်စွမ်းသူများ အပါအဝင် လူနာအားလုံး၏ လိုအပ်ချက်များကို အထူးဂရုစိုက်၍ ကျန်းမာရေး ဝန်ဆောင်မှုများကို ကောင်းမွန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်မံ အာမခံထားသည်။
Source;Khaosod
