မိုးကြီးပြီး မြေပြိုမှု အန္တရာယ်ရှိသဖြင့် ခေါဝ်ယိုင် အမျိုးသားဥယျာဉ်ကို ၂ ရက်ကြာ ယာယီပိတ်ထား

ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှု အန္တရာယ်များ ကြုံတွေ့နေရသဖြင့် ထိုင်းနိုင်ငံ၏ ထင်ရှားသော ခေါဝ်ယိုင် အမျိုးသားဥယျာဉ် (Khao Yai National Park) ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် (စနေ၊ တနင်္ဂနွေ) ၂ ရက်တိုင်တိုင် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဥယျာဉ်အာဏာပိုင်များက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၂၅ ရက် (သောကြာနေ့) မှစ၍ ဆက်တိုက် ရွာသွန်းခဲ့သော မိုးကြောင့် ဥယျာဉ်အတွင်းရှိ နေရာအတော်များများတွင် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လမ်းကြောင်းအချို့ သွားလာ၍ မရတော့ပေ။

တောင်စောင်းများ မြေပြိုခြင်း၊ ကျောက်တုံးကြီးများ ပြုတ်ကျခြင်းနှင့် သစ်ပင်ကြီးများ လဲပြိုခြင်းတို့ ဖြစ်ပွားနိုင်သဖြင့် ဥယျာဉ်အတွင်း သွားလာမည့် ခရီးသွားများနှင့် ပြည်သူများအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း သတိပေးထားသည်။

ခရီးသွားများ အန္တရာယ် မဖြစ်စေရန်အတွက် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် အဓိက ဝင်ပေါက်ဂိတ် ၂ ခုလုံးကို ပိတ်ထားမည် ဖြစ်သည်။

ပိတ်ထားမည့် ဂိတ်များမှာ Chao Por Khao Yai Shrine ဂိတ်နှင့် Noen Hom ဂိတ်တိုဖြစ်ပြီး ခရီးသွားများအနေဖြင့် ဥယျာဉ်၏ သတင်းအခြေအနေများကို Khao Yai National Park တရားဝင် Facebook Page မှတစ်ဆင့် စောင့်ကြည့်နိုင်ပြီး ဖုန်းနံပါတ် 086-092-6527 သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Source;The Nation