၁၅၀ ဘတ်ဖြင့် ဝယ်ခဲ့သည့် အဟောင်းပစ္စည်းမှ ဘတ် ၁ သိန်းကျော်တန် ရွှေနှင့် ငွေစစ်စစ်ဖြစ်နေ၍ ကယ်ရီသမား ကံထူး

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင် ရန်းစစ် (Rangsit) ဘူတာရုံအနီးရှိ အဟောင်းရောင်းသည့် ရဲဘော်ဈေး (Flea Market) မှ ၁၅၀ ဘတ်ဖြင့် ဝယ်ယူလာသော ဟောင်းနွမ်းနေသည့် သတ္တုပစ္စည်းများအား ရွှေကျိုဆိုင်၌ သွားရောက် စစ်ဆေးရာမှ ဘတ် ၁ သိန်းကျော် တန်ဖိုးရှိ ရွှေနှင့် ငွေစစ်စစ်များ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည့် မော်တော်ဆိုင်ကယ် ကယ်ရီသမားတစ်ဦး၏ ကံထူးသည့် ဖြစ်စဉ် လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားလျက်ရှိပါတယ်ဗျာ။

အသက် ၄၅ နှစ်အရွယ် မစ္စတာ ချို့ချတ် (Chokcherd Duangngoen) ဆိုသူ ကယ်ရီမောင်းနှင်သူသည် ရန်းစစ် ဘူတာရုံအနီးရှိ အဟောင်းဈေးမှ ရှေးဟောင်း ငွေသေတ္တာတစ်လုံးကို ဘတ် ၁၀၀၊ ရွှေနှင့်တူသော လက်ဝတ်လက်စွပ်/လက်ကောက်အား ဘတ် ၅၀ (စုစုပေါင်း ၁၅၀ ဘတ်) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရတ်တနာကိုဆင် နှစ် ၂၀၀ ကျေးရွာအရှေ့ရှိ “မန်ကွန်” ရွှေကျိုဆိုင် (Mangkorn Gold Smelting Shop) သို့ သွားရောက်၍ ဂျာမနီစံချိန်မီ Fresher စက်ဖြင့် အသေးစိတ် စိစစ်ခဲ့ရာ –

ငွေသေတ္တာ: အလေးချိန် ၁၅၆.၈၈ ဂရမ်ရှိပြီး ငွေစစ်စစ် ဖြစ်သောကြောင့် ဘတ် ၉,၈၄၄ တန်ဖိုးရှိသည်။

လက်ကောက်/လက်ဝတ်ထည်: အလေးချိန် ၂၄.၃၀ ဂရမ်ရှိပြီး (ရွှေပါဝင်မှု ၈၀-၉၀%) ရွှေစစ်စစ် ဖြစ်သောကြောင့် ဘတ် ၉၄,၈၈၁ တန်ဖိုးရှိသည်။

စုစုပေါင်း ရရှိငွေ: ဘတ် ၁၀၄,၇၂၅ (၁ သိန်း ၄ ထောင်ကျော်) သို့ ရောက်ရှိခဲ့သဖြင့် ၎င်းနှင့် ချစ်သူ အမျိုးသမီးတို့မှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျခဲ့ကြရသည်။

မစ္စတာ ချို့ချတ်က ၎င်း၏ လုပ်ကိုင်စားသောက်နေသည့် ဆိုင်ကယ်မှာ လွန်ခဲ့သော ရက်ပိုင်းက အိမ်ရှေ့မှ ခိုးယူခံခဲ့ရသဖြင့် မိခင်ဖြစ်သူ၏ ဆိုင်ကယ်အဟောင်းကို ခေတ္တ ငှားရမ်းမောင်းနှင်နေရခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ် ပျောက်ဆုံးသွားသော်လည်း အဟောင်းဈေးသို့ သွားရောက်ကာ ပစ္စည်းရှာဖွေရာမှ ယခုကဲ့သို့ ကံကောင်းခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ဝါသနာပါရာ အဟောင်းပစ္စည်းများထဲမှ ရွှေ၊ ငွေ တံဆိပ်တုံးများအား မှန်ဘီလူးဖြင့် စစ်ဆေးသည့် အကျင့်ရှိသူဖြစ်ပြီး၊ ယခုရရှိသည့် ငွေကြေးဖြင့် လုပ်ကိုင်စားသောက်ရန် ဆိုင်ကယ်အသစ်တစ်စီး ပြန်လည် ဝယ်ယူသွားမည်ဟု ဆိုသည်။

Source;Thairath