မဲဆောက် မီးကြိုးစက်ရုံ မြန်မာအလုပ်သမား ၄၈ ဦး လုပ်အားခ မရသဖြင့် အလုပ်သမားရုံး၌ တိုင်ကြား

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ မီးကြိုးစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် CI နှင့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား ၄၈ ဦးသည် လုပ်အားခ ပုံမှန်မရရှိခြင်းနှင့် အလုပ်ပုံမှန် မဆင်းရခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့ရသဖြင့် သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးရုံး (စဝဒ်ဒီကန်) ၌ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကျား ၂၁ ဦး၊ မ ၂၇ ဦး (စုစုပေါင်း ၄၈ ဦး) ဖြစ်ပြီး၊ စက်ရုံတွင် လုပ်သက် ၁ နှစ်မှ ၉ နှစ်အထိ ရှိကြသူများ ဖြစ်သည်။ ၎င်းတို့သည် CI (Certficate of Identity) နှင့် ပန်းရောင်ကတ်များ ကိုင်ဆောင်ထားကြသူများဖြစ်သည်။

လွန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက်နေ့မှစ၍ စက်ရုံဘက်မှ လုပ်အားခများကို မှန်မှန်မပေးခြင်း၊ အလုပ် ပုံမှန်ဆင်းခွင့် မပေးခြင်းတို့ကြောင့် အလုပ်သမားများမှာ စားဝတ်နေရေး အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြရသည်။

အလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ထံ အကူအညီ တောင်းခံခဲ့ရာ WAG အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့တွင် အမှုကို တရားဝင် လက်ခံခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၈ ရက်နေ့တွင် WAG အဖွဲ့သားများနှင့် FED Foundation အဖွဲ့သားများသည် အလုပ်သမားများနှင့်အတူ Mae Sot District ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးရုံး (စဝဒ်ဒီကန်) သို့ သွားရောက်၍ ရသင့်ရထိုက်သည့် အလုပ်သမား အခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် တရားဝင် သွားရောက် တိုင်ကြားပေးခဲ့ကြသည်။

Source;WAG