ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ်၊ ဘန်ရင် (Bang Rin) တိုက်နယ်ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ဇူလိုင်လ ၄ ရက် (စနွေနေ့) သန်းခေါင်ယံအချိန်က ရည်းစားဟောင်းဖြစ်သူ၏ ပြန်ပေးဆွဲကာ နှိပ်စက်ညှင်းပန်းမှုမှ ထွက်ပြေးလာသည့် အသက် ၃၄ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးအား ဆီဆိုင်ဝန်ထမ်းများက ရဲစခန်းသို့ အကြောင်းကြားပြီး ဘေးကင်းစွာ ကယ်တင်ပေးခဲ့ပါတယ်။
အသက် ၄၀ အရွယ် ရည်းစားဟောင်းဖြစ်သူ နတ်ထပွန် (Nattapong) သည် ကန်ချနပူရီပြည်နယ်ရှိ အမျိုးသမီး၏ လုပ်ငန်းခွင်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ကာ၊ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များ ဘေးကင်းစေရန်အတွက် ငွေကျပ် ၅,၀၀၀ ဘတ် ယူဆောင်ပြီး လာရောက်တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
အမျိုးသမီး ရောက်ရှိလာချိန်တွင် နတ်ထပွန်က သေနတ်ဖြင့် ချိန်ရွယ်ကာ ၎င်း၏ မီးခိုးရောင် ကိုယ်ပိုင်ကားကို ဖူးခက် (Phuket) ဘက်သို့ မောင်းနှင်ခိုင်းခဲ့သည်။ လမ်းခရီးတွင် ရာ့ခ်ချာပူရီ (Ratchaburi) ပြည်နယ်ရှိ ရီဆော့တစ်ခုသို့ ဝင်ရောက်တည်းခိုစဉ် အမျိုးသမီးအား အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့သည်။
ထို့နောက် တောင်ပိုင်းသို့ ဆက်လက်မောင်းနှင်လာပြီး ရနောင်းပြည်နယ်၊ ဝါရီဘန်ဖုတ် (Waree Banphot) ကျောင်းတိုက်ရှေ့ ကားမှတ်တိုင်အရောက်တွင် အမျိုးသမီး ထွက်ပြေးရခက်ခဲစေရန် ၎င်း၏ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။
စာရွက်စာတမ်းများ မီးရှို့ပြီးနောက် နတ်ထပွန်သည် ကားသော့ကို အမျိုးသမီးအား ပြန်ပေးကာ ဖူးခက်သို့ ဆက်မောင်းရန် ခိုင်းစေခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးသည် အခွင့်ကောင်းကို အသုံးချကာ ရည်းစားဟောင်းကို လမ်းဘေးတွင် ထားရစ်ခဲ့ပြီး ဆီဆိုင်သို့ ကားဖြင့် တိုက်ရိုက်မောင်းနှင် ထွက်ပြေးကာ ဝန်ထမ်းများအား ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခိုင်းခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ရဲတပ်ဖွဲ့က အမျိုးသမီး၏ မိသားစုဝင်များကို ဆက်သွယ်ပေးခဲ့ပြီး ၎င်းအား ဆေးကုသမှုခံယူရန် အိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီ ဖြစ်သည်။ တရားခံ နတ်ထပွန်မှာမူ အဆိုပါကျောင်းတိုက်ရှေ့မှ ဖူးခက်သို့ ဦးတည်မောင်းနှင်မည့် ခရီးသည်တင် အဝေးပြေးကားတစ်စီးပေါ်သို့ တက်ရောက် ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရပြီး၊ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။
Source;Thaiger
