အခွန်နှင့် စာရွက်စာတမ်း ဖိအားများကြောင့် ထိုင်းအစိုးရထံ အကာအကွယ်ပေးရန် မြန်မာလုပ်သားများ တောင်းဆို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အဖွဲ့အစည်းတစ်ခုဖြစ်သည့် MMWRCCT က အခွန်ကောက်ခံမှုနှင့် ငွေလွှဲမိန့် မူဝါဒများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်များ ပေးရန်အတွက် ထိုင်းအစိုးရ၊ လွှတ်တော်နှင့် အလုပ်ရှင်များထံ အောက်တိုဘာ ၂၇ ရက်တွင် စာရေးသား တောင်းဆိုလိုက်ပါတယ်။

စာအုပ်နီ (CI) နှင့် ပတ်စပို့ သက်တမ်းတိုးရာတွင် ဝင်ငွေခွန် ၂ % ကြိုတင်ပေးဆောင်ရသည့်အပြင် လစဉ်ဝင်ငွေ၏ ၂၅ % ကို တရားဝင်လမ်းကြောင်းမှ ပြန်လည်လွှဲပြောင်းထားကြောင်း သက်သေပြခိုင်းနေသည်။

ထိုင်းအစိုးရထံ တောင်းဆိုထားသည့် အချက် ၅ ချက်

-ပန်းရောင်ကတ်ဖြင့် တရားဝင်နေထိုင်ခွင့်ပြုရန်: CI သို့မဟုတ် ပတ်စပို့ မလိုဘဲ ပန်းရောင်ကတ် (Pink Card) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) ရှိပါက ထိုင်းနိုင်ငံအတွင်း၌ပင် သက်တမ်းတိုးပေးရန်။

-လူမှုဖူလုံရေးနှင့် ဘဏ်အကောင့် ဖွင့်လှစ်ခွင့်: ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများကို လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ဘဏ်အကောင့် ဖွင့်လှစ်ခွင့်များ အပြည့်အဝ ပေးရန်။

-အခွန်ငွေများကို ထိုင်းအစိုးရထံ တိုက်ရိုက်ပေးဆောင်ရန်: ဗီဇာ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် ဝင်ငွေခွန်များကို ထိုင်းအစိုးရထံသို့သာ တိုက်ရိုက် ပေးဆောင်လိုခြင်း။

-ပွဲစားခ ပွဲစားခေါင်းပုံဖြတ်မှု ပပျောက်ရေး: စာရွက်စာတမ်း ကြေးများကို ပွင့်လင်းမြင်သာစွာ သတ်မှတ်ပေးရန်နှင့် တရားမဝင် ပွဲစားများကို ထိရောက်စွာ အရေးယူရန်။

-လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်ပေးရန်: စာရွက်စာတမ်း သက်တမ်းကုန်သွားပါက ချက်ချင်း ဖမ်းဆီးအရေးယူခြင်း မပြုဘဲ ခေတ္တဆိုင်းငံ့ကာလ (Grace Period) ပေးရန်။

ထိုင်းနိုင်ငံ၏ ပင်လယ်စာ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် မြန်မာလုပ်သားများ အဓိက ပါဝင်နေသဖြင့် အဆိုပါ ပြဿနာများကို မဖြေရှင်းပါက ထိုင်းနိုင်ငံတွင် လုပ်သားရှားပါးမှုနှင့် လူကုန်ကူးခံရမှုများ ပိုမို မြင့်တက်လာနိုင်ကြောင်း အသိပေးထားပါတယ်။

Source;Khaosod