မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုများပြားလာပြီး ကာလဝမ်းရောဂါပိုး (Cholera) တွေ့ရှိရသဖြင့် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် နယ်စပ်ဂိတ်များ၊ ဆေးရုံများနှင့် နယ်စပ်ဒေသများတွင် ရောဂါစောင့်ကြည့်ရေး လုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားလိုက်ပါတယ်ဗျာ။
ထိုင်း DDC ၏ ပြောကြားချက်အရ ဩဂုတ် ၉ ရက်မှစ၍ ရန်ကုန်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရသူ ၅၀၀ ခန့် ရှိခဲ့သည်။
အဆိုပါ လူနာများအနက် ၁၄၉ ဦးတွင် ကာလဝမ်းရောဂါပိုး မသင်္ကာဖွယ် တွေ့ရှိခဲ့ပြီး၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (NHL) က ၉ ဦးတွင် Vibrio cholerae ပိုးတွေ့ရှိကြောင်း အတည်ပြုထားသည်။
စားသောက်ဆိုင်များပြားသည့် ရန်ကုန်ဗဟိုဧရိယာ၌ လမ်းဘေးအစားအစာ ရောင်းချမှု အချို့ကို ယာယီပိတ်ပင်ခြင်း၊ ရေထုသန့်စင်ခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လူနာသစ်တွေ့ရှိမှု ပြန်လည်လျော့ကျလာနေသည်။
နယ်စပ်ဝင်ပေါက်ဂိတ်များနှင့် ရွှေ့ပြောင်းလုပ်သား များပြားသည့် ဒေသရှိ ဆေးရုံများတွင် စစ်ဆေးရေး ပိုမိုတင်းကျပ်ထားပြီး၊ ဓာတ်ခွဲခန်းများနှင့် ရောဂါစုံစမ်းစစ်ဆေးရေး အဖွဲ့များကို အဆင်သင့် ပြင်ဆင်ထားသည်။
ရန်ကုန်သို့ သွားရောက်မည့်သူများ အနေဖြင့် ရောဂါဖြစ်ပွားရာ ဒေသများကို ရှောင်ကြဉ်ရန်၊ သောက်ရေသန့်နှင့် အပူချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးရန် လိုအပ်သည်။
မြန်မာနိုင်ငံမှ ပြန်လာသူများအနေဖြင့် ၅ ရက်အထိ မိမိကိုယ်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး၊ ပြင်းထန်စွာ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း လက္ခဏာများ ရှိပါက ဆေးရုံသို့ ချက်ခြင်းပြသ၍ ခရီးသွားရာဇဝင် ပြောပြရန် နှိုးဆော်ထားသည်။
Source;The Nation
