လေယာဉ်ဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် Thai Lion Air လေကြောင်းလိုင်း ခရီးစဉ်ပေါင်း ၁၅ ခုကျော် ယာယီရပ်နား/လျှော့ချ

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့လေကြောင်းလိုင်းကဏ္ဍတွင် လေယာဉ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် ခရီးသွားနည်းပါးသည့် ရာသီ (Low-season) ရောက်ရှိလာခြင်းတို့ကြောင့် Thai Lion Air လေကြောင်းလိုင်းသည် လာမည့် ဇွန်လမှ စက်တင်ဘာလအတွင်း ပြေးဆွဲမည့် နိုင်ငံတကာနှင့် ပြည်တွင်း ခရီးစဉ်လမ်းကြောင်း ၁၅ ခုကျော်ကို ယာယီရပ်နားခြင်းနှင့် လေယာဉ်အကြိမ်ရေ လျှော့ချခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပါတယ်ဗျာ။

၃ ဆနီးပါး ဈေးတက်ခြင်း: အရှေ့အလယ်ပိုင်း တင်းမာမှုများမတိုင်ခင်က လေယာဉ်ဆီ (Jet A-1) တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဒေါ်လာ ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် တစ်စည်လျှင် ၂၄၀ ဒေါ်လာကျော် အထိ ၃ ဆနီးပါး မြင့်တက်သွားသည်။

ကုန်ကျစရိတ် ဖိအား: ပုံမှန်အားဖြင့် လေယာဉ်တစ်ကြိမ်ပျံသန်းလျှင် စုစုပေါင်းကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းမှာ လေယာဉ်ဆီခ ဖြစ်သဖြင့် ယခုကဲ့သို့ ဆီဈေးတက်ခြင်းက လေကြောင်းလိုင်းများအပေါ် ကုန်ကျစရိတ်ဖိအား အလွန်ကြီးမားစေကာ အလယ်အလတ်နှင့် ခရီးဝေးလိုင်းများကို မဖြစ်မနေ လျှော့ချရပ်နားလာရခြင်း ဖြစ်သည်။

🚫 ယာယီရပ်နားမည့် (Suspended) လမ်းကြောင်းများ

  1. ဒွန်မောင်း – တိုင်ပေ – နာဂိုယာ: ဇူလိုင် ၆ ရက်မှ ၃၁ ရက်အထိ ပျံသန်းမှု အားလုံးရပ်နားမည် (ယခင် တစ်ရက် ၃ ကြိမ် ပြေးဆွဲခဲ့သည်)။
  2. ဒွန်မောင်း – ရှန်ကျန်း (Shenzhen): ဇွန် ၁-၁၇ ရက် နှင့် ဇွန် ၁၉-၃၀ ရက်အတွင်း ရပ်နားမည်။
  3. ဒွန်မောင်း – တီယန်ကျင်း (Tianjin): ဇွန် ၁ ရက်မှ ဇူလိုင် ٣١ ရက်အထိ ရပ်နားမည်။
  4. ဒွန်မောင်း – ဒါတွန် (Datong): မေ ၂၃ ရက်မှစ၍ ရှေ့လျှောက် ယာယီရပ်နားသည်။
  5. ဒွန်မောင်း – ဟဲဖေး (Hefei): ဇွန် ၁ ရက်မှစ၍ ရှေ့လျှောက် ယာယီရပ်နားသည်။
  6. ဒွန်မောင်း – ကျီနန် (Jinan): ဇွန် ၁ ရက်မှစ၍ ရှေ့လျှောက် ယာယီရပ်နားသည်။
  7. ဒွန်မောင်း – လင်းယီ (Linyi): မေ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရပ်နားမည်။
  8. ဒွန်မောင်း – နန်ချန်း (Nanchang): မေ ၂၄ ရက်မှစ၍ ရှေ့လျှောက် ယာယီရပ်နားသည်။
  9. ဒွန်မောင်း – ရှီအန် (Xi’an): ဇွန် ၂ ရက်မှ ဇူလိုင် ၂ ရက်အထိ ရပ်နားမည် (ဇွန် ၂၁ ရက် တစ်ရက်သာ ချွင်းချက်အနေဖြင့် ပျံသန်းမည်)။
  10. ဒွန်မောင်း – အမ်ရစ်ဆာ (Amritsar – အိန္ဒိယ): မေ ၂၆ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ရပ်နားမည်။
  11. ဖူးခက် – စင်ကာပူ: ဇွန် ၃ ရက်မှ ဩဂုတ် ၁ ရက်အထိ လုံးဝရပ်နားမည်။ (ဩဂုတ် ၂-၃၁ ရက်တွင် တစ်ပတ် ၂ ကြိမ် ပြန်ဖွင့်မည်ဖြစ်ပြီး ယခင် တစ်ပတ် ၄ ကြိမ်ထက် လျှော့ချထားသည်)။

📉 ပျံသန်းမှုအကြိမ်ရေ လျှော့ချမည့် (Reduced) လမ်းကြောင်းများ

  1. ဒွန်မောင်း – ဘန်ဂလို (Bangalore): ဇွန် ၁ ရက်မှ ၃၀ ရက်အတွင်း ခရီးစဉ်အကြိမ်ရေ လျှော့ချမည်။
  2. ဒွန်မောင်း – ဒေလီ (Delhi): ဇွန် ၂၀ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အကြိမ်ရေ လျှော့ချမည်။
  3. ဒွန်မောင်း – ဆူရာဘာယား (Surabaya): ဇွန် ၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ အကြိမ်ရေ လျှော့ချမည် (ယခင် တစ်ရက် ၃ ကြိမ် ပျံသန်းရာမှ လျှော့ချခြင်းဖြစ်သည်)။
  4. ဒွန်မောင်း – ခတ္တမန္ဒု (Kathmandu): ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း အကြိမ်ရေ လျှော့ချမည်။

Source;The Nation