ဒူဘိုင်းမှ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ ခရီးသည် ၁၇၄ ဦး တင်ဆောင်ပျံသန်းလာသည့် FlyDubai လေယာဉ်ပေါ်တွင် ဒုတိယလေယာဉ်မှူး (Copilot) က ပင်မလေယာဉ်မှူး (Captain) အား ဓား/ရဲတင်းဖြင့် ထိုးခုတ်ကာ လေယာဉ်အား ပျက်ကျအောင် ပြုလုပ်ရန် ကြိုးပမ်းသည့် အရေးပေါ် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများက လေယာဉ်မောင်းခန်း (Cockpit) အတွင်း ဝင်ရောက်ကာ တိုက်ခိုက်သူအား လုံးထွေးဖမ်းဆီးနိုင်ခဲ့သဖြင့် ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် အရေးပေါ် ဆင်းသက်နိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံသား ပင်မလေယာဉ်မှူး စမစ် မက်ချား (Smit Machchar) သည် ဒု-လေယာဉ်မှူး၏ ဓား/ရဲတင်းဖြင့် ခုတ်ထိုးခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း ရဲဝံ့စွာ ပြန်လည်ခုခံကာ ခရီးသည်များ ဝင်ရောက်ကူညီနိုင်ရန် မောင်းခန်းတံခါးကို ဖွင့်ပေးခဲ့သည်။
လေယာဉ်မောင်းခန်း တံခါးပွင့်သွားချိန်တွင် ရေပိုက်ပြင်သမားတစ်ဦးဖြစ်သည့် ခရီးသည် ဟာယွန်း (Hayoun) အပါအဝင် ခရီးသည်များ ဝင်ရောက်ကာ တိုက်ခိုက်သူအား လုံးထွေးဖမ်းဆီးခဲ့သည်။ ဟာယွန်းသည် ရုပ်မြင်သံကြားတွင် မြင်တွေ့ဖူးသည့်အတိုင်း ထိန်းချုပ်မောင်းတံကို ပြန်လည်ဆွဲတင်ခဲ့ပြီးနောက် လေယာဉ်အဖွဲ့သားများက ထိန်းချုပ်မောင်းနှင်ခဲ့ကြသည်။
အဆိုပါ Boeing 737 Max 8 လေယာဉ်သည် ပေပေါင်း ၃၃,၀၀၀ အမြင့်မှ ပေ ၁၇,၀၀၀ သို့ ၁ မိနစ်ခန့်အတွင်း ထတ်လန့်ဖွယ် အရှိန်ဖြင့် ထိုးဆင်းသွားခဲ့သော်လည်း လေယာဉ်မှူး၏ အစွမ်းကြောင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ တာဘွတ် (Tabuk) ရှိ စူလ်တန် မင်းသား အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၉:၄၅ နာရီတွင် အရေးပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) ၏ ထုတ်ပြန်ချက်အရ တိုက်ခိုက်သူ ဒု-လေယာဉ်မှူးမှာ အိုမန် (Oman) နိုင်ငံသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးခံနေရသည်။
အစ္စရေးနှင့် အာရပ်စောဘွားများပြည်ထောင်စု (UAE) တို့ ပူးပေါင်း၍ တိုက်ခိုက်သူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ FlyDubai လေယာဉ်လိုင်းက အစ္စရေးသို့ ပျံသန်းသည့် ခရီးစဉ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း ခေတ္တရပ်ဆိုင်းထားသည်။
ဒဏ်ရာရရှိခဲ့သည့် အိန္ဒိယနိုင်ငံသား ပင်မလေယာဉ်မှူး စမစ် မက်ချားအား ဆော်ဒီအာရေးဘီးယား ဆေးရုံတွင် ဆေးကုသမှု ပေးထားပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။ လေယာဉ်ပေါ်ပါ ခရီးသည်များအနက် ၃ ဦးထက်မနည်း လှုပ်ရှားရုန်းကန်စဉ် သာမန်ဒဏ်ရာများ ရရှိခဲ့သည်။
Source;Khaosod
