လေယာဉ်ပေါ်တွင် လူမျိုးရေးနှင့် လိင်စိတ်ခံယူမှု အပေါ် စော်ကားဆဲဆိုခဲ့သည့် အမေရိကန် အိမ်ခြံမြေအေးဂျင့်အား တိတ်ဖြင့် ပတ်ကာ ထိန်းသိမ်း၊ ကုမ္ပဏီက အလုပ်မှ ထုတ်ပယ်

American Airlines လေယာဉ်ပေါ်တွင် ခရီးသည်များကို လူမျိုးရေး၊ လိင်စိတ်ခံယူမှုဆိုင်ရာ ရိုင်းစိုင်းစော်ကားသည့် စကားများဖြင့် ဆဲဆိုရမ်းကားခဲ့သည့် အသက် ၆၇ နှစ်အရွယ် အမေရိကန် အိမ်ခြံမြေအေးဂျင့်တစ်ဦးအား တိတ်များဖြင့် ထိုင်ခုံတွင် တုတ်နှောင်ထိန်းသိမ်းခဲ့ရပြီးနောက် ၎င်း၏ အိမ်ခြံမြေကုမ္ပဏီက အလုပ်မှ ချက်ချင်း ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ဒါးလပ်စ် (Dallas) မှ နယူးအာ့ခ် (Newark) သို့ ပျံသန်းသည့် American Airlines လေယာဉ်အမှတ် 618 ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာသာ လိန်း လန်းဒင်း (Arthur Layne Lundeen, ၆၇ နှစ်) ဆိုသူသည် ခရီးသည်များနှင့် အမျိုးသမီးများအား ရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ လူမျိုးရေးနှင့် လိင်စိတ်ခံယူမှု ခွဲခြားသည့် စကားများဖြင့် ရမ်းကားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြိုးပမ်းခဲ့သည်။

ရဲအရာရှိဟောင်း အပါအဝင် အခြားခရီးသည်များက ၎င်းအား ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး လေယာဉ်အဖွဲ့သားများက ၎င်း၏ လက်၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့ကို သိပ်ပတ်စတီကာများ၊ ကြိုးများဖြင့် ထိုင်ခုံတွင် ရွေ့လျား၍မရအောင် တုတ်နှောင်ထားခဲ့ရသည်။

ရမ်းကားသူ ခရီးသည်ကြောင့် လေယာဉ်လိုင်းသည် လေယာဉ်အား ဘောတီမိုး (Baltimore) လေဆိပ်သို့ အရေးပေါ် လမ်းကြောင်းပြောင်း သက်ဆင်းခဲ့ရပြီး၊ အဆိုပါ လေဆိပ်တွင် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Arizona ပြည်နယ်၊ Tucson ရှိ Long Realty အိမ်ခြံမြေကုမ္ပဏီသည် ဖြစ်စဉ်ကို သိရှိပြီးနောက် စက်တင်ဘာ ၆ ရက်တွင် လန်းဒင်းအား ကုမ္ပဏီမှ အပြီးပိုင် ထုတ်ပယ်လိုက်ကြောင်းနှင့် ၎င်း၏ ပြုမူဆောင်ရွက်ချက်များသည် ကုမ္ပဏီ၏ ကျင့်ဝတ်များနှင့် လုံးဝ မကိုက်ညီကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လန်းဒင်းအား ဒုတိယအဆင့် အကြမ်းဖက်မှု (Second-degree assault) နှင့် အများပြည်သူ အနှောင့်အယှက်ပေးမှု (Disorderly conduct) တရားမကြောင်း ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်။

Source;Thaiger