ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆုံခရိုင်ရှိ ဟွေဖိန်း (Huai Phueng) ယာယီနယ်စပ်ဂိတ် တွင် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများ မှောင်ခိုကူးသန်းမှုကို တားဆီးရန်အတွက် ကုန်စည်တင်ပို့မှုနှင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့်များကို တင်းကျပ်စွာ ပိတ်ပင်လိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် တွင် လုံခြုံရေးအဖွဲ့များက ကြေညာလိုက်ပါတယ်။
လက်ရှိတွင် လူပုဂ္ဂိုလ်များ ခြေလျင်ဖြတ်သန်းသွားလာခွင့်ကိုသာ ခွင့်ပြုထားပြီး၊ ကုန်စည်စီးဆင်းမှုအားလုံးကို ရပ်ဆိုင်းထားခြင်း ဖြစ်ပါတယ်။

ယခုကဲ့သို့ ကုန်စည်ပို့ဆောင်ခွင့် ရုတ်တရက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေ့စဉ်ကုန်သွယ်မှုကို အားထားနေရသည့် ဒေသခံနယ်စပ်ကုန်သည် ၂၀ ကျော်သည် ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်ပေးရန် မေလ ၂၂ ရက် (သောကြာနေ့) က နယ်မြေအုပ်ချုပ်ရေးရုံးတွင် စုဝေးကာ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးထံ အသနားခံစာတင်ပြပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သို့သော်လည်း လုံခြုံရေးတာဝန်ရှိသူများက ကုန်စည်ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းရခြင်းမှာ အောက်ပါ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်များ ကြောင့် ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံဘက်သို့ တင်ပို့မည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် သံသယဖြစ်ဖွယ် ဓာတုပစ္စည်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့ခြင်း။အချို့သော ကုန်သည်များနှင့် လုပ်ငန်းရှင်များသည် အကောက်ခွန်ကြေညာလွှာ (Customs Declarations) များတွင် ကုန်ပစ္စည်းအမျိုးအစားကို မမှန်မကန် ဖြည့်စွက်တင်ပြထားကြောင်း စစ်ဆေးတွေ့ရှိရခြင်း။
ထို့ကြောင့် စာရွက်စာတမ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်နေသည့် ကာလအတွင်း ကုန်စည်စီးဆင်းမှုကို ခေတ္တရပ်ဆိုင်းထားရန် လိုအပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်မှု ထိခိုက်မှုများကို လျှော့ချရန်နှင့် လုံခြုံရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းအာဏာပိုင်များက အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ဗျာ။
မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် စင်ဟာနတ် အထူးစစ်ဆင်ရေးအဖွဲ့ (Singhanat Special Task Force)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ဟွေဖိန်းနယ်စပ်ဂိတ်သို့ ကိုယ်တိုင်သွားရောက်စစ်ဆေးကာ ဒေသခံကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးမည်။နယ်စပ်ဂိတ်ကို ရေရှည်စီမံခန့်ခွဲမည့် နည်းလမ်းများနှင့် တရားဝင်ကုန်သွယ်မှုများ ပြန်လည်စတင်နိုင်ရေးအတွက် ပူးတွဲကော်မတီအစည်းအဝေးပြုလုပ်ကာ ပိုမိုတင်းကျပ်သည့် စစ်ဆေးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်သွားမည်။
Source;Khaosod
