ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၅ ရက်ဆက်တိုက် ရေကြီးရေလျှံနေသည့် ဘန်ကောက်မြို့၊ စိုင်မိုင် (Sai Mai) မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများထံ စက်တင်ဘာ ၂၉ ရက် ညပိုင်းက ရုတ်တရက် သွားရောက်ကြည့်ရှုခဲ့ပြီး အထူးထောက်ပံ့ကူညီရေး အစီအစဉ်များ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပါတယ်။
ဝန်ကြီးချုပ် အနုတင်သည် ကာကွယ်ရေးဝန်ကြီး အဒူးလ် (Adul Boonthamcharoen) အပါအဝင် အရာရှိများနှင့်အတူ စက်တင်ဘာ ၂၉ ရက် ည ၁၀:၃၀ နာရီခန့်တွင် လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်သည့် Baan Eua Arthorn Bang Khen အိမ်ရာသို့ ရုတ်တရက် သွားရောက်ခဲ့သည်။
Phoem Sin နှင့် Watcharaphon လမ်းများအပါအဝင် အဝင်လမ်းများတွင် ရေကြီးနေဆဲဖြစ်ပြီး ဒေသခံများမှာ ၅ ရက်ခန့် ရေဘေးရင်ဆိုင်နေရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှတစ်ဆင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့ရန်၊ မီးဘေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်အာဏာပိုင်အဖွဲ့ (MEA) အရေးပေါ်အဖွဲ့များ စေလွှတ်ရန် ညွှန်ကြားခဲ့သည်။
သွားရောက်စဉ်အတွင်း Sai Mai Tong Rod စေတနာ့ဝန်ထမ်း အဖွဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တွင် ဝန်ကြီးချုပ် အနုတင်က ဘတ် ၁,၀၀၀ တန် ငွေစက္ကူအချို့ကို အိတ်ကပ်ထဲမှ ထုတ်ယူ၍ ရေဘေးသင့် ပြည်သူအချို့ထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ထိုသို့ ပေးအပ်စဉ် အနုတင်က “စိတ်ရှည်ပေးကြပါ။ ငါ့မှာ ဒီလောက်ပဲ ပါလာလို့ပါ၊ မဟုတ်ရင် လောက်မှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့ပြီး ၎င်း၏ အဖွဲ့ဝင်များက ဗီဒီယို မရိုက်ရန် တားမြစ်ခဲ့သည့် ဖြစ်စဉ်မှာ လူမှုကွန်ရက်နှင့် ထိုင်းသတင်းများတွင် ပျံ့ံ့နှံ့သွားခဲ့သည်။
နွန်သဘူရီ (Nonthaburi) ခရိုင်နှင့် ဆက်စပ်နေသော ကျောက်ဖရားမြစ် ရေမြင့်တက်မှုကို စောင့်ကြည့်နေပြီး မြစ်ရေကျသည်နှင့် ရေစုတ်စက်များဖြင့် ချက်ချင်း စုတ်ထုတ်နိုင်ရေး မြို့ပြစီမံကိန်းဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့ကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားထားသည်။
ဘန်ကောက်မြို့ ရေဘေးသင့်မှုကို အထူးကိစ္စရပ်အဖြစ် သတ်မှတ်ကာ ပျက်စီးဆုံးရှုံးမှု စာရင်းများကို အမြန်ဆုံး ကောက်ယူ၍ ပြန်လည်ထူထောင်ရေး ရန်ပုံငွေများ ထုတ်ပေးရန် ညွှန်ကြားထားသည်။
စက်တင်ဘာ ၂၉ ရက်အထိ ဘန်ကောက်တွင် ဘေးအန္တရာယ်ကျရောက်သော မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ် ၅၀ အနက် ၂၉ မြို့နယ်အထိ လျှော့ချနိုင်ခဲ့သော်လည်း စိုင်မိုင်မြို့နယ်မှာ ရေကြီးနေဆဲ စာရင်းတွင် ပါဝင်နေသေးသည်။
Source;The Nation
