ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ သီရီရာချာမြို့နယ် နောင်ခမ်းရပ်ကွက်တွင် အသက် ၇၀ အရွယ် မြေပိုင်ရှင်အဘိုးဖြစ်သူက လမ်းဘေး၌ ပလတ်စတစ်ပုလင်းခွာနေသည့် အိမ်ငှားအဖွားဖြစ်သူကို နှုတ်ဆက်ရန် ကားကွေ့အဝင်၊ ဘေးရှိ တွန်းလှည်းပေါ်တွင် ထိုင်ဆော့နေသည့် ၁၄ လအရွယ် ကလေးမလေးကို မမြင်ဘဲ ကားဖြင့် ဦးခေါင်းကို တိုက်ရိုက်တိုက်မိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
မောင်းနှင်သူ မစ္စတာ နီမစ် သည် ၎င်း၏ ကားကို မြေကွက်ထဲသို့ ကွေ့ဝင်စဉ် ကားခေါင်းကွယ်သွားသဖြင့် ကလေးကို မမြင်လိုက်ဘဲ ရှေ့ဘီးဖြင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ကလေးအဖွားက အော်ဟစ်သဖြင့် ကားကို ချက်ချင်းနောက်ဆုတ်ကာ ကလေးကို ဆွဲထုတ်ပြီး အရေးပေါ် အသက်ရှူခြင်း (CPR) ပြုလုပ်ခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာချိန်တွင် ကလေးငယ်မှာ သတိလစ်မေ့မြောနေပြီး နှလုံးခုန်ရပ်ကာ သွေးခုန်နှုန်း မရှိတော့ပေ။ မျက်နှာတွင် ကားဘီးရာကြီး ထင်ကျန်ကာ ဖူးယောင်နေသဖြင့် ကယ်ဆယ်ရေးသမားများက ကားပေါ်တွင် CPR ဆက်တိုက်ပြုလုပ်လျက် ဖယားထိုင်းသီရီရာချာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
အသက် ၂၁ နှစ်အရွယ် ကလေးမိခင်မှာ သတင်းကြားချင်း အလုပ်မှ ပြန်လာခဲ့ပြီး သမီးဖြစ်သူ၏ အခြေအနေကြောင့် မြေပြင်တွင် လူးလှိမ့်ငိုကြွေးခဲ့ရသည်။
နောင်ခမ်းရဲစခန်းမှ ရဲအရာရှိများသည် အခင်းဖြစ်နေရာကို စစ်ဆေးပြီးနောက် ထွက်ပြေးခြင်းမရှိဘဲ စောင့်ဆိုင်းနေသည့် ကားမောင်းသူ မြေပိုင်ရှင်အဘိုးကို ပေါ့ဆမှုကြောင့် သူတစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေမှုဖြင့် အရေးယူရန် စခန်းသို့ ခေါ်ဆောင်စစ်ဆေးနေသည်။
Source;ชลบุรี ฮอต รีพอท นิวส์
