အယုဒ္ဓယတွင် ရေကြီးစဉ် ငါးရံ့ကောင်ငယ်လေးများနှင့် သွားဆော့သည့် ၁၃ နှစ်အရွယ် ကလေးအား ငါးရံ့မကြီး ကိုက်ခံရ

ထိုင်းနိုင်ငံ၊ ဖရာနခွန် ဆီ အယုဒ္ဓယ (Phra Nakhon Si Ayutthaya) မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာတစ်ခု၌ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ရေထဲတွင် ကူးခတ်နေသည့် ငါးရံ့ကောင်ငယ်လေးများ (Snakehead fry) အား လက်ဖြင့် သွားရောက်ဆော့ကစားခဲ့ရာမှ သားငယ်များကို စောင့်ရှောက်နေသည့် ငါးရံ့မကြီး၏ ကိုက်ခဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

ဖရာနခွန် ဆီ အယုဒ္ဓယ ခရိုင်၊ ပက်ကရန် (Pak Kran) မြို့နယ်ခွဲ၊ အကွက် (၁၂) ရှိ ရေအနက် ၁ မီတာကျော် နစ်မြုပ်နေသော ကျေးရွာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်သည် ကျေးရွာသားများ သွားလာရန် ဆောက်လုပ်ထားသည့် သစ်သားတံတားအနီး၌ ထိုင်နေစဉ် တံတားအောက်၌ အုပ်စုလိုက် ကူးခတ်နေသည့် ငါးရံ့ကောင်ငယ်လေးများကို တွေ့ရှိ၍ လက်ဖြင့် သွားရောက်ဆော့ကစားခဲ့သည်။

သားငယ်များကို အနီးကပ် စောင့်ရှောက်နေသည့် ငါးရံ့မကြီးက ကလေးငယ်၏ လက်ကို အဟုန်ပါစွာ ခုန်အုပ်ကိုက်ခဲခဲ့သဖြင့် လက်တွင် နက်ရှိုင်းသော ဒဏ်ရာများရရှိကာ သွေးများစွာ ထွက်ခဲ့သည်။ ကလေး၏ အော်ဟစ်အကူအညီတောင်းမှုကြောင့် မိဘများက ၁၆၆၉ အရေးပေါ် ဆေးကုသရေးအဖွဲ့ထံ ဆက်သွယ်၍ အယုဒ္ဓယ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။

အယုဒ္ဓယ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး မစ်ချွန်းသီချာ (Chonthicha Santipatanan) က ငါးရံ့များသည် အသားစားငါးများဖြစ်ပြီး အထူးသဖြင့် သားပေါက်စအရွယ် သားငယ်များကို ကာကွယ်လိုသည့် သဘာဝဗီဇစိတ် အလွန်ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

မိဘငါးများ (အထူးသဖြင့် ငါးရံ့မကြီး) သည် သားငယ်များအနီးသို့ လူများ ချဉ်းကပ်လာပါက တိုက်ခိုက်လေ့ရှိသဖြင့် ရေကြီးစဉ်အတွင်း ငါးရံ့သားပေါက်များတွေ့ပါက သွားရောက်ကိုင်တွယ်ခြင်း သို့မဟုတ် ဆော့ကစားခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် အဝေးမှ ရှောင်ရှားကြရန် ဒေသခံများအား သတိပေးထားပါသည်။

Source;Khaosod