ထိုင်းနိုင်ငံသို့ လာသည့် နိုင်ငံခြားသား ခရီးသွားများထံမှ ဘတ် ၄၅၀ ဝင်ကြေး ကောက်ခံမည့် အစီအစဉ် ရှေ့ဆက် ဆောင်ရွက်မည်

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ တစ်ဦးလျှင် ဘတ် ၄၅၀ ဝင်ကြေး (Tourist Entry Fee) ကောက်ခံမည့် အစီအစဉ်အား ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး မစ်ဆူဖာဂျီ (Suphajee Suthumpun) က အောက်တိုဘာ ၉ ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။

အမျိုးသား ခရီးသွားလုပ်ငန်း ပေါ်လစီ ကော်မတီ၏ ဆွေးနွေးချက်အရ ခရီးသွားတစ်ဦးလျှင် ဘတ် ၄၅၀ ကောက်ခံရန် ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာနက အဆိုပြုထားသည်။ အဆိုပါ ရန်ပုံငွေ ကောက်ခံခြင်း၊ သုံးစွဲခြင်းဆိုင်ရာ နည်းဥပဒေများကို ပွင့်လင်းမြင်သာစွာ ရေးဆွဲပြီးမှသာ ပြည်သူ့ဆွေးနွေးပွဲ ပြုလုပ်၍ အစိုးရအဖွဲ့ (Cabinet) ထံ တင်ပြသွားမည် ဖြစ်သည်။

ရန်ပုံငွေ သုံးစွဲမည့် နေရာများ:

-ခရီးသွားများ၏ ဘေးကင်းလုံခြုံရေး အဆင့်မြှင့်တင်ခြင်း။

-နိုင်ငံခြားသား ခရီးသွားများအတွက် ကျန်းမာရေး/မတော်တဆ ထိခိုက်မှု အာမခံ (Insurance) ကာမိစေခြင်း။

-ဘတ်ဂျက် လိုအပ်နေသည့် ခရီးသွား ဆွဲဆောင်ရာ နေရာများကို ပြုပြင်ထိန်းသိမ်း တိုးတက်စေခြင်း။

ရရှိလာမည့် ခရီးသွား ဝင်ကြေး အချို့ကို ထိုင်းနိုင်ငံသို့ လာရောက် ရိုက်ကူးသည့် နိုင်ငံခြား ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့များအား ပြန်လည် ထောက်ပံ့ပေးသည့် Cash Rebate စနစ်တွင် တရားဝင် သုံးစွဲနိုင်ခြင်း ရှိမရှိ စိစစ်ရန် ညွှန်ကြားထားသည်။

အစိုးရ အပြောင်းအလဲကြောင့် ထောက်ပံ့ကြေး ပေးအပ်ရန် ကြန့်ကြာနေမှုများကို သက်ဆိုင်ရာ ကော်မတီသစ် ဖွဲ့စည်း၍ အမြန်ဆုံး ကြွေးကျန်များ ထုတ်ပေးနိုင်ရေး အရှိန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ပြည်ပ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအောက်ရှိ ထိုင်းပြည်တွင်း ရုပ်ရှင်ထုတ်လုပ်သူများအကြား ပံ့ပိုးမှုများကို ပိုမို ဟန်ချက်ညီစေရန် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Source;Khaosod